ဗန်ဟက်ကီရဲ့နေရာမှာ အစားထိုးဖို့အတွက် ကြိုတင်စဉ်းစားပြင်ဆင်နေတဲ့ ဘရိုက်တန်
ဘရိုက်တန်နောက်ခံလူဗန်ဟက်ကီကို ခေါ်ယူဖို့အတွက် လီဗာပူးနဲ့ တော့တင်ဟမ်အသင်းတို့ ရှေ့ဆုံးမှ ရေပန်းစားနေပါတယ်။
နည်းပြဟာဇယ်လာရဲ့ခံစစ်တန်းမှာ အမြဲတမ်းပုံမှန်ခြေစွမ်းပြနေတဲ့ ဗန်ဟက်ကီက ဘောလုံးပေးပို့မှုပိုင်း ကျွမ်းကျင်သလို ကြံ့ခိုင်မှုပိုင်း အားကောင်းလို့ ပရီးမီးယားလိဂ်ရဲ့စျေးကွက်အလိုလားဆုံး ဗဟိုခံစစ်မှူးတစ်ဦး ဖြစ်လာခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ်ကစားသမားက အခုရာသီ၊ ပရီးမီးယားလိဂ်ပွဲစဉ် ၃၅ ပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ခြောက်ကြိမ်အထိ ရှိထားပြီး ဘရိုက်တန်ကို ဥရောပဝင်ခွင့်နဲ့ အနီးစပ်ဆုံးအနေအထားအထိ ပို့ဆောင်ပေးထားပါတယ်။
တကယ်လို့ ရာသီပိတ်ပွဲစဉ်မှာ ယူနိုက်တက်ကို အနိုင်ရရှိမယ်ဆိုရင် ဘရိုက်တန်က လာမယ့်ရာသီ၊ ဥရောပပြိုင်ပွဲဝင်ခွင့်ကို သေချာပေါက်ရရှိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ခက်ခဲမယ့်အလုပ်ကတော့ ဗန်ဟက်ကီကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ပဲ ဖြစ်ပါတယ်။
Sky Sports ရဲ့ ဖော်ပြချက်အရ ဘရိုက်တန်အသင်းက ဒတ်ချ်နောက်ခံလူဗန်ဟက်ကီအတွက် ကမ်းလှမ်းမှုတွေ ရောက်လာတော့မယ်လို့ ခန့်မှန်းထားပြီး အပြောင်းအရွှေ့သာ အမှန်တကယ်ဖြစ်မြောက်လာရင် အစားထိုးနိုင်ဖို့အတွက် တူးလော့စ်နောက်ခံလူချာလီခရက်စ်ဝဲလ်ကို ခေါ်ယူဖို့ ကြိုတင်ပြင်ဆင်နေပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာလည်း နည်းပြဟာဇယ်လာက အခုရာသီ၊ လီဂူးဝမ်းပြိုင်ပွဲမှာ ခြေစွမ်းကောင်းပြသနေတဲ့ အသက်-၂၃ နှစ်အရွယ်ခံစစ်မှူးကို ခေါ်ယူဖို့ ကြိုးစားခဲ့ပါသေးတယ်။
ဗန်ဟက်ကီနေရာမှာ အစားထိုဖို့ ဘရိုက်တန်ပစ်မှတ်ထားနေတဲ့ ခရက်စ်ဝဲလ်က လိဂ်ပွဲစဉ် ၂၉ ပွဲမှာ ၃ ဂိုး သွင်းယူထားပြီး ပြင်သစ်လိဂ်ရဲ့ အလားအလာအကောင်းဆုံး လူငယ်ကစားသမားတစ်ဦးအဖြစ် ထွက်ပေါ်လာပါတယ်။