အပြောင်းအရွှေ့ကောလာဟလတွေနဲ့ပတ်သက်လို့ တုံ့ပြန်ပြောကြားလာတဲ့ တော့တင်ဟမ်ပစ်မှတ်ဗန်ဟစ်ကီ
ဘရိုက်တန်နောက်ခံလူဗန်ဟစ်ကီက တော့တင်ဟမ်အသင်းဆီ ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ်ကစားသမားအတွက် တော့တင်ဟမ်အသင်းရဲ့ပေါင် သန်း ၇၀ တန်ကမ်းလှမ်းမှုကို ဘရိုက်တန်အသင်းပယ်ချခဲ့တယ်လို့လည်း သတင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြပါတယ်။
ဗန်ဟစ်ကီက ဘရိုက်တန်အသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး သူ့အပေါ် စိတ်ဝင်စားမှုတွေ ရှိနေလို့ စာချုပ်သစ်ချုပ်ဆိုမယ့်ပုံစံမျိုး မရှိသေးပါဘူး။
ဘရိုက်တန်အသင်းက တော့တင်ဟမ်ရဲ့ကမ်းလှမ်းမှုအပြီး လူငယ်ကြယ်ပွင့်ဗက်စကိုဗစ်အတွက် ပေါင် သန်း ၃၀ ဖြင့် တန်ပြန်ကမ်းလှမ်းခဲ့ပြီး မြောက်လန်ဒန်ကလပ်ရဲ့ချက်ချင်းဆိုသလိုပယ်ချမှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
တနင်္ဂနွေနေ့၊ ဂျပန်နဲ့ရင်ဆိုင်ရမယ့် နယ်သာလန်အသင်းရဲ့ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် ဗန်ဟစ်ကီက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ "ရှင်းလင်းတဲ့ ဆုံးဖြတ်ချက်" ရှိထားပြီးပြီလို့ ဖွင့်ဟခဲ့ပါတယ်။
ဗန်ဟစ်ကီက "ပထမဦးဆုံးတော့ ကျွန်တော်က တနင်္ဂနွေနေ့မှာကစားမယ့် ဒတ်ခ်ျလက်ရွေးစင်အသင်းရဲ့ပွဲစဉ်အပေါ်ပဲ အာရုံစိုက်ချင်ပါတယ်။"
"ဒါက အသင်းအတွက်ရော၊ ကျွန်တော့်အတွက်ပါ တကယ်ကိုအရေးကြီးတဲ့ပွဲစဉ်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် လောလောဆယ် ဒါကိုပဲ အာရုံစိုက်ထားပါတယ်။ သတင်းတွေထွက်ပေါ်နေတာကို ကျွန်တော်ကိုယ်တိုင်လည်း သိပါတယ်။ ဒါပေမဲ့ အခုအချိန် ဒါကိုအာရုံမစိုက်နိုင်သေးဘဲ ကမ္ဘာ့ဖလားပြီးမှသာ စဉ်းစားသွားရမယ့်အရာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှပဲ ကျွန်တော် ဘယ်မှာ ကစားမလဲဆိုတာ သိရပါလိမ့်မယ်။"
"ကမ္ဘာ့ဖလားမတိုင်ခင် ကိုယ့်အတွက် ရှင်းလင်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ရှိချင်တယ်လို့လည်း ကျွန်တော်ကိုယ်တိုင် ရှင်းရှင်းလင်းလင်း ပြောခဲ့ဖူးသလို အခုလည်း အဲ့ဒီလိုဆုံးဖြတ်ချက်မျိုး ရှိနေပါပြီ။ ဒါပေမဲ့ လောလောဆယ်မှာတော့ ကျွန်တော့်အတွက် ရှင်းပါတယ်။ ကျွန်တော် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတ်နိုင်သမျှ အကောင်းဆုံးကစားချင်ပါတယ်။"
"ကမ္ဘာ့ဖလားပြိုင်ပွဲအလွန်၊ နောက်ထပ်ခြေလှမ်းသစ်တစ်ခု စတင်လိုက်ချိန်မှာ လူတိုင်းအတွက် ဒီအခြေအနေက ရှင်းလင်းသွားပါလိမ့်မယ်" လို့ ဆိုပါတယ်။