အိုလီစီကို အသင်းရဲ့ လုံးဝ မရောင်းရမယ့်ကစားသမားစာရင်းမှာ ထည့်သွင်းလိုက်တဲ့ ဘိုင်ယန်မြူးနစ်
၂၀၂၄ ခုနှစ်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အိုလီစီဟာ နည်းပြ ဗင်းဆင့်ကွန်ပနီရဲ့ လက်အောက်မှာ ဥရောပရဲ့ အကောင်းဆုံး တောင်ပံကစားသမားတစ်ယောက်အဖြစ် ပြောင်းလဲလာခဲ့ပါတယ်။
ဒီရာသီ လိဂ်ပွဲစဉ် ၃၂ ပွဲမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၃၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီးနောက် ဟာရီကိန်းကို ကျော်ဖြတ်ကာ ဘွန်ဒက်စ်လီဂါ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ပါတယ်။ အခုဆိုရင် အိုလီစီဟာ ကမ္ဘာ့အဆင့်မီ ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခြင်း ခံနေရပြီ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ဒီကစားသမားဟာ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၂၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၀ အထိ ရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ဂျာမန်ထိပ်သီးကလပ်အတွက် အံ့ဩစရာကောင်းလောက်အောင် ထူးခြားတဲ့ စွမ်းဆောင်ရည်တွေကို ပြသနေတာ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ပြင်သစ်ကစားသမားလေးကို ခေါ်ယူဖို့ တခြားအသင်းတွေက အမြဲတမ်း စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ အရင်က လီဗာပူးအသင်းက သူ့ကို သဘောကျခဲ့ဖူးပေမဲ့ အခုဆိုရင် သူ့ရဲ့ တန်ကြေးက ပေါင်သန်း ၁၀၀ ကျော်အထိ ထိုးတက်သွားခဲ့ပါပြီ။
အိုလီစီဟာ အသင်းအတွက် မရှိမဖြစ် လက်လွှတ်လို့မရတဲ့ ကစားသမားဖြစ်လာသလို သူ့ရဲ့ စာချုပ်ကလည်း ၂၀၂၉ ခုနှစ် ဇွန်လအထိ ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် ဘိုင်ယန်ဥက္ကဋ္ဌ ဟာဘတ်ဟိန်နာက သူ့ကို "အသင်းမှာ လုံးဝကို ဆက်ထိန်းထားချင်ပါတယ်" လို့ ဝန်ခံပြောကြားလာပါတယ်။
"ကျွန်တော်တို့ သူ့ကို အသင်းမှာပဲ ဆက်ရှိနေစေချင်ပါတယ်။ သူနဲ့က ၂၀၂၉ ခုနှစ်အထိ စာချုပ်ရှိနေတာပါ" လို့ ဟာဘတ်ဟိန်နာက Bild သတင်းဌာနကို ပြောခဲ့ပါတယ်။
ဒါ့အပြင် "ဒီမှာဆိုရင် သူက ကျွန်တော်တို့နဲ့အတူ နှစ်တိုင်း ဆုဖလားတိုင်းကို ဆွတ်ခူးနိုင်မယ့် အခွင့်အရေးရှိပါတယ်။ သူ တခြားအသင်းကို ပြောင်းဖို့ အကြောင်းပြချက် တစ်ခုမှ မရှိဘူးလို့ ကျွန်တော် မြင်ပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။
အသင်းဖော် ဟာရီကိန်းအပါအဝင် အသင်းထဲက ကစားသမားအများစုလိုပဲ ဘိုင်ယန်အသင်းရဲ့ ရည်မှန်းချက်က ပီအက်စ်ဂျီကို ရှုံးနိမ့်ပြီး ဆီမီးဖိုင်နယ်က ထွက်ခဲ့ရတဲ့နောက်ပိုင်း ၂၀၂၀ ခုနှစ်ကတည်းက လွဲချော်နေတဲ့ ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ပြန်လည်ရယူနိုင်ဖို့ပဲ ဖြစ်ပါတယ်။