The network connection is lost.

Banner Image

ဥရောပအောင်ပွဲအတွက် အလှည့်အပြောင်းဖြစ်စေခဲ့တဲ့သွင်းဂိုးနဲ့ပတ်သက်လို့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောပြလာတဲ့ ဗီလာကြယ်ပွင့်တိုင်လီမန်းစ်

ဖရိုင်းဘတ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ယူရိုပါလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့တဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ အဖွင့်ဂိုးနဲ့ပတ်သက်လို့ အက်စတွန်ဗီလာကွင်းလယ်ကစားသမားတိုင်လီမန်းစ်က လေ့ကျင့်ချိန်တစ်ရက်သာရရှိထားခဲ့ရာမှ ထွက်ပေါ်လာတဲ့ အသီးအပွင့်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့၊ ဘက်ဆစ်တက်စ်ကွင်းပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီး တိုင်လီမန်းစ်က အသင်းအတွက် ဦးဆောင်ဂိုးကို လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ထားတဲ့ပုံစံအတိုင်း အကောင်းဆုံးသွင်းယူနိုင်ခဲ့ပါတယ်။

ရိုဂျာစ်ရဲ့ထောင့်ကန်ဘောကန်တင်ပေးပို့မှုကို ဘယ်လ်ဂျီယံကွင်းလယ်လူက အချိန်ကိုက်ပြေးထွက်ပြီး ဖရိုင်းဘတ်အသင်းရဲ့ဂိုးဧရိယာအတွင်း အားပါပြင်းထန်တဲ့မြေမကျကန်ချက်နဲ့အတူ အဆုံးသတ်ခဲ့ပါတယ်။

ပထမပိုင်းပြီးခါနီးမှာပဲ အူနိုင်းအမ်မရီရဲ့အသင်းအတွက် ဘူအမ်ဒီယာ၊ ဒုတိယပိုင်းပွဲချိန်အတွင်း ရိုဂျာစ်တို့က ဂိုးတွေ ထပ်မံသွင်းယူခဲ့ပြီး ၁၉၈၂ ခုနှစ်နောက်ပိုင်း၊ ဥရောပအဆင့်အောင်မြင်မှုကို ရှာဖွေပေးခဲ့ပါတယ်။

"ခံစားချက်ကတော့ တကယ့်ကို အံ့ဩစရာကောင်းပါတယ်။ အော်လွန်းလို့ အသံတောင် နည်းနည်းဝင်နေပြီ၊ ဒါပေမဲ့ အဆင်ပြေပါတယ်။ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ကြတယ်၊ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သလို ရာသီတစ်ခုလုံးလည်း ကောင်းမွန်ခဲ့ပါတယ်။ အခုလိုမျိုးအောင်မြင်မှုနဲ့ အဆုံးသတ်နိုင်ခဲ့တယ်ဆိုတာ တကယ့်ကို ကောင်းမွန်ပါတယ်" လို့ တိုင်လီမန်းစ်က ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့အတွက် လေ့ကျင့်ချိန်တစ်ရက်သာ ရရှိခဲ့ပြီး တနင်္လာနေ့မှာ အဲ့ဒီပုံစံအတိုင်း လေ့ကျင့်ခဲ့ကြပါတယ်။ ဒီညမှာတော့ အဲ့ဒီလေ့ကျင့်မှုက အကောင်းဆုံးအလုပ်ဖြစ်ခဲ့လို့ တကယ်ကိုကျေနပ်မိပါတယ်" လို့လည်း သူက ဆိုပါတယ်။

အက်စတွန်ဗီလာအသင်းက ပြီးခဲ့တဲ့သီတင်းပတ်မှာတင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီး အမှတ်ရစရာဘောလုံးရာသီတစ်ခုကို ဖန်တီးခဲ့ပါတယ်။

ရာသီအဖွင့်ခြောက်ပွဲဆက်နိုင်ပွဲပျောက်ဆုံးကာ နှစ်ဂိုးသာသွင်းယူနိုင်ခဲ့တဲ့ အခြေအနေနဲ့နှိုင်းယှဉ်ရင် အခုအောင်မြင်မှုက အလွန်ခြားနားလွန်းပါတယ်လို့ တိုင်လီမန်းစ်က ဝန်ခံခဲ့ပါတယ်။

"အံ့ဩစရာပါပဲ။ ဒီရာသီမှာ အနိမ့်အမြင့်၊ အတက်အကျတွေ အများကြီး ရှိခဲ့ပါတယ်။ ကျွန်တော်တို့ တော်တော်လေး ဆိုးဆိုးရွားရွား စတင်ခဲ့ကြသလို အစပိုင်းမှာ ခြေစွမ်းတွေလည်း တော်တော်လေး ညံ့ဖျင်းခဲ့ပါတယ်" လို့ သူက ပြောပါတယ်။

"ဒီလိုအခြေအနေမှ ပြန်လည်ကောင်းမွန်လာအောင် လုပ်နိုင်ခဲ့တယ်ဆိုတာ ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ ကြိုးစားမှုကြောင့်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆက်တိုက်အလုပ်လုပ်ခဲ့တယ်၊ ယုံကြည်ချက်ထားခဲ့တယ်။ နောက်ဆုံးမှာတော့ အောင်မြင်မှုရခဲ့ပါပြီ။ နောက်ရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရော ဆုဖလားပါ ရခဲ့ပါပြီ" လို့ သူက ဆိုပါတယ်။

အင်္ဂလန်ကွင်းလယ်လူရိုဂျာစ်ကလည်း "ဒီခံစားချက်ကို စကားလုံးနဲ့ ဖော်ပြဖို့တောင် ခက်ခဲပါတယ်။ ကျွန်တော်တို့ အပြင်းအထန် ကြိုးစားခဲ့ကြလို့ အခုလိုအောင်မြင်မှုမျိုး ရရှိလာတာပါ။ ပရိသတ်တွေအတွက်ရော၊ ကလပ်အသင်းအတွက်ပါ ကောင်းမွန်တဲ့ သမိုင်းဝင်အခိုက်အတန့်လေး ‌ဖြစ်သွားပါလိမ့်မယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

"ဂိုးဧရိယာအတွင်းထိဝင်ပြီး ရိုးရိုးရှင်းရှင်း ဂိုးတွေသွင်းနိုင်အောင် ကြိုးစားဖို့ နည်းပြက ကျွန်တော့်ကို အမြဲတမ်း တိုက်တွန်းနေခဲ့ပါတယ်။ အခုလိုမျိုး ဂိုးသွင်းယူနိုင်ခဲ့လို့လည်း အရမ်းဝမ်းသာမိပါတယ်" လို့ သူက ပြောကြားခဲ့ပါတယ်။