The network connection is lost.

Banner Image

ဘရူနိုဖာနန်ဒက်စ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို စိန်ခေါ်နိုင်မယ့် အာဆင်နယ်ကစားသမား ၃ ဦးကို ရှီးယား ထုတ်ဖော်ပြောကြား

ပရီးမီးယားလိဂ်ဂန္ထဝင် အလန်ရှီးယားက ဘရူနိုဖာနန်ဒက်စ် ရရှိဖို့ရေပန်းစားနေတဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ကျော်ဖြတ်ပြီး ရယူသွားနိုင်ခြေရှိတဲ့ အာဆင်နယ်ကစားသမား ၃ ဦးအကြောင်းကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က မန်ယူနိုက်တက်တို့ နော့တင်ဟမ်ဖောရက်စ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးစံချိန်ကို လိုက်မီခဲ့တာဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာနန်ဒက်စ်ဟာ အခုရာသီမှာ တကယ်ကို အံ့အားသင့်စရာကောင်းလောက်အောင် ခြေစွမ်းပြနေတာဖြစ်ပြီး အခုရရှိခဲ့တဲ့ ဂိုးဖန်တီးမှုကြောင့် မန်စီးတီးကွင်းလယ်လူဟောင်း ကယ်ဗင်ဒီဘရိုင်းနား၊ အာဆင်နယ်တိုက်စစ်မှူးဟောင်း သီယာရီအွန်နရီတို့ရဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံးစံချိန်နဲ့ တူညီသွားခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟာ FWA တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိထားပြီးဖြစ်သလို၊ သူ့ရဲ့အသင်းဟာ အာဆင်နယ် ဒါမှမဟုတ် မန်စီးတီးတို့လို ချန်ပီယံဆုအတွက် အားပြိုင်နေရတဲ့အသင်းမဟုတ်ပေမဲ့လည်း ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုပါ သိမ်းပိုက်ဖို့ အခြေအနေကောင်းနေသူပါ။

"The Rest is Football" ပေါ့ဒ်ကတ်စ်မှာ ပြောကြားရာမှာတော့ ရှီးယားက အာဆင်နယ်သာ လိဂ်ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ဖာနန်ဒက်စ်ကို စိန်ခေါ်နိုင်မယ့် ကစားသမား ၃ ဦး ရှိတယ်လို့ ဆိုပါတယ်။ "အာဆင်နယ်သာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်း ပရီးမီးယားလိဂ်ဖလားရခဲ့ရင် ဒေးဗစ်ရာယာ၊ ဂါဘရီယယ်နဲ့ ဒက်ကလန်ရိုက်စ် တို့ကို အဲ့ဒီဆုအတွက် စာရင်းထဲ ထည့်ရပါလိမ့်မယ်" လို့ ရှီးယားက ပြောပါတယ်။

"ဘရူနိုဖာနန်ဒက်စ်ရဲ့ အရည်အချင်းကို လျှော့တွက်တာမျိုး မဟုတ်ပါဘူး၊ ကျွန်တော်က သူ့ရဲ့ပရိသတ်တစ်ဦးပါ၊ သူကလည်း တကယ်ကို ထူးချွန်ပါတယ်။ သူသာမရှိရင် မန်ယူနိုက်တက်တို့ ဘယ်အခြေအနေရောက်နေမလဲဆိုတာ ဘုရားပဲ သိပါလိမ့်မယ်။ ဒါပေမဲ့ ဟုတ်ပါတယ်၊ အာဆင်နယ်ကစားသမား ၃ ယောက်ကိုလည်း အဲ့ဒီစာရင်းထဲမှာ ထည့်သွင်းစဉ်းစားရပါလိမ့်မယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

ဖာနန်ဒက်စ်ဟာ မန်ယူအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၅ ကြိမ်မြောက်အဖြစ် ဆွတ်ခူးထားနိုင်ခဲ့ပြီး လာမယ့်တနင်္ဂနွေနေ့ ဘရိုက်တန်နဲ့ပွဲမှာ ဂိုးဖန်တီးမှုစံချိန်သစ်တင်နိုင်ဖို့ အခွင့်အရေးတစ်ခု ကျန်ရှိနေပါသေးတယ်။ ဒါဟာ တကယ်ကို မယုံနိုင်စရာကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခုလည်း ဖြစ်လာမှာပါ။