The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဝင်ခွင့်ရရှိပြီးနောက် နာပိုလီမှထွက်ခွာမယ့် အရိပ်အယောင်တွေ ပြသလာတဲ့ ကွန်တီ

နာပိုလီအသင်းအတွက် လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိသွားပြီးနောက် နည်းပြကွန်တီက အခုဘောလုံးရာသီကုန်ဆုံးချိန် အသင်းမှထွက်ခွာသွားဖို့အတွက် ဟန်ရေးပြလှုပ်ရှားလာပါတယ်။

ပီဆာကို ၃-၀ ဂိုးဖြင့် သက်သောင့်သက်သာ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီး ၂၀၂၄-၂၅ စီးရီးအေချန်ပီယံနာပိုလီအသင်းက လာမယ့်ဘောလုံးရာသီသစ်အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ပါတယ်။

ဒါပေမဲ့ အသင်းမှာ ကွန်တီဆက်ရှိနေဦးမလားဆိုတာတော့ စောင့်ကြည့်သွားရပါဦးမယ်။ လတ်တလောမှာ အီတလီလက်ရွေးစင်အသင်းကို အသက် ၅၆ နှစ်အရွယ်နည်းပြ ပြန်လည်ကိုင်တွယ်သွားလိမ့်မယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

ပွဲစဉ်အပြီး အင်တာဗျူးအစီအစဉ်မှာ ကွန်တီက သူ့ရဲ့အနာဂတ်နှင့်ပတ်သက်လို့ "ကစားဖို့ တစ်ပွဲပဲ ကျန်ပါတော့တယ်။ ကျွန်တော့်မှာ အသင်းဥက္ကဋ္ဌနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်" ဟု သွယ်ဝိုက်ပြောကြားခဲ့သည်။

ဆက်လက်ပြီး သူက "ကျွန်တော် နာပိုလီဆီ စတင်ရောက်ရှိလာချိန် အသင်းက အဆင့် ၁၀ နေရာနဲ့ ရာသီသိမ်းပြီး တစ်သင်းလုံး စိတ်ဓာတ်ကျဆင်းနေတဲ့ အခက်ခဲဆုံးအချိန်ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ နာပိုလီခရီးစဉ် ပြီးဆုံးသွားချိန် ပြိုင်ဘက်တွေကို အမြဲတမ်းဒုက္ခပေးနိုင်ပြီး တိုက်ပွဲဝင်လိုစိတ်အပြည့်ရှိတဲ့ ခိုင်မာတဲ့ အသင်းတစ်ခုကို ချန်ထားရစ်ခဲ့မယ်လို့ ကတိပေးခဲ့ပါတယ်။ ကျွန်တော် အမြဲပြောနေကျ စကားကို မှတ်ထားပေးပါ။ ကျွန်တော်တို့က အသန်မာဆုံးအသင်း မဖြစ်နိုင်ရင်တောင် အခက်ခဲဆုံးအသင်းတော့ ဖြစ်လာရပါမယ်။ နာပိုလီက ဂျူဗင်တပ်စ်၊ အေစီမီလန်နဲ့ အင်တာမီလန်တို့ကို နှစ်တိုင်း ဒုက္ခပေးနိုင်တဲ့အသင်း ဖြစ်နေရပါမယ်" လို့ ဆိုပါတယ်။

အသင်းမှာ ဆက်ရှိနေမလား သို့မဟုတ် ထွက်ခွာမလားဆိုတာနဲ့ပတ်သက်လို့ ကွန်တီက "ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ဥက္ကဋ္ဌ သိထားတာ တစ်လလောက် ရှိပါပြီ" လို့ပဲ တိုတိုတုတ်တုတ်ပြောကြားသွားခဲ့ပါတယ်။