ဘွန်ဒက်လီဂါချန်ပီယံဆုဖလားကို မီးဖိုချောင်ထဲမှာ မေ့ကျန်ခဲ့လုနီးပါး ဖြစ်ခဲ့တဲ့ ကွန်ပနီ
မြူးနစ်မြို့၊ Marienplatz မှာ ကျင်းပခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ချန်ပီယံအောင်ပွဲအခမ်းအနားက ချန်ပီယံဆုဖလားကြီး မပါဘဲနဲ့ ကျင်းပရတော့မယ့် အခြေအနေမျိုးနဲ့ ကြုံတွေ့ခဲ့ရလုနီးပါး ဖြစ်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းနည်းပြက စနေညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ သီးသန့်ပါတီပွဲအပြီး၊ ချန်ပီယံဆုဖလားကို နေအိမ်ဆီ တစ်ပါတည်း သယ်ဆောင်သွားခဲ့ပေမဲ့ နောက်တစ်နေ့၊ မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ ဂုဏ်ပြုဧည့်ခံပွဲဆီ ချန်ပီယံဆုဖလားကို ယူဆောင်လာဖို့ မေ့လျော့နေခဲ့ပါတယ်။
"ကျွန်တော်တို့ ဒီကို ရောက်နေပြီ၊ ဒါပေမဲ့ ချန်ပီယံဆုဖလားတော့ မပါလာဘူး။ အဲဒီတော့မှ ကျွန်တော့်အိမ်မှာ ကျန်ခဲ့မှန်း သတိရတော့တာ၊ လုံးဝမေ့သွားတာပါ။ မီးဖိုချောင်ထဲမှာလား၊ ဘယ်နားမှာလဲတော့ မသိဘူး တင်ထားခဲ့မိပါတယ်" လို့ ဗင်းဆင့်ကွန်ပနီက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောကြားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူ့ရဲ့ဇနီးကာလာက ချန်ပီယံဆုဖလားကို မြို့တော်ခန်းမဆီ အချိန်မီယူဆောင်လာပေးခဲ့လို့ အဆင်ပြေသွားခဲ့ပါတယ်။