The network connection is lost.

Banner Image

အက်စတွန်ဗီလာမှာ ဝက်ကင်းစ် ရှိနေတာဟာ တကယ့်ကို ကံကောင်းလွန်းတယ်လို့ မက်ဂင်း ပြောကြား

ပြီးခဲ့တဲ့ သောကြာနေ့ (မေလ ၁၅ ရက်) က လီဗာပူးအသင်းကို ၄ ဂိုး - ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာတော့ အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂျွန်မက်ဂင်းက သူ့တို့အသင်းအနေနဲ့ ဝက်ကင်းစ်လို ကစားသမားမျိုး ရှိနေတာဟာ တကယ့်ကို ကံကောင်းတာပဲလို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ် မက်ဂင်းဟာ လီဗာပူးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ ဗီလာအတွက် နောက်ဆုံးဂိုးကို သွင်းယူပေးခဲ့တာပါ။ ဒီပွဲမှာ ဝက်ကင်းစ်က ၂ ဂိုးသွင်းခဲ့သလို မော်ဂန်ရော့ဂျာကလည်း ၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အခုဆိုရင် အက်စတွန်ဗီလာဟာ ရမှတ် ၆၂ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ကစားဖို့ ၁ ပွဲပဲ ကျန်တော့တဲ့အချိန်မှာ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို အတည်ပြုနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဝက်ကင်းစ်ဟာ ဒီနှစ်ဆန်းပိုင်းကတည်းက ခြေစွမ်းတွေ အတော်လေး ပြောင်မြောက်နေပြီး ပြိုင်ပွဲစုံ ၃၁ ပွဲမှာ ၁၆ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ပွဲအပြီး Sky Sports နဲ့ အင်တာဗျူးမှာတော့ မက်ဂင်းက တိုက်စစ်မှူးဖြစ်သူကို အမွှန်းတင်ချီးကျူးခဲ့ပြီး ဝက်ကင်းစ်သာ စကော့တလန်နိုင်ငံသား ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲလို့တောင် ပြောခဲ့ပါသေးတယ်။

"သူသာ စကော့တလန်သား ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲလို့ ကျွန်တော် ဆန္ဒရှိမိတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကတော့ သူ စိတ်ပျက်ခဲ့ရတာ သိသာပါတယ်၊ ဒါပေမဲ့ အဲဒီအချက်ကပဲ သူ့ကို တွန်းအားဖြစ်စေခဲ့ပြီး အခုလိုမျိုး အကောင်းဆုံးပုံစံနဲ့ တုံ့ပြန်ပြနိုင်ခဲ့တာပါ" လို့ သူက ဆိုပါတယ်။

"သူ့ကို ပိုင်ဆိုင်ထားရတာ ကျွန်တော်တို့ တကယ်ကံကောင်းပါတယ်။ လွန်ခဲ့တဲ့ ရာသီအနည်းငယ်ကစပြီး ဒီကလပ်အတွက် သူလုပ်ပေးခဲ့တာတွေက အံ့မခန်းပါပဲ။ သူဟာ (ယူရိုပြိုင်ပွဲသွားမယ့်) လေယာဉ်ပေါ်ကို သေချာပေါက် ပါသွားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ အဲဒီခြေစွမ်းကို နောက်အပတ်အထိ ဆက်ထိန်းထားနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်" လို့ မက်ဂင်းက ပြောကြားသွားခဲ့ပါတယ်။