အက်စတွန်ဗီလာကို ရှုံးနိမ့်ပြီးနောက် လီဗာပူးနည်းပြတာဝန်မှ ထုတ်ပယ်ခံရတော့မယ်ဆိုတဲ့ ကောလာဟလတွေကို အန်းစလော့ပယ်ချ
ဒီနေ့မနက်ပိုင်း၊ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာကို ၄-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးနည်းပြတာဝန်မှ ထုတ်ပယ်ခံရတော့မယ်ဆိုတဲ့ ကောလာဟလတွေကို အန်းစလော့ ပယ်ချလိုက်ပါတယ်။
အဲဒီပွဲစဉ်မှာ လီဗာပူးသာ အနိုင်ရခဲ့ရင် လာမယ့်ရာသီ၊ ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာပေါက်ရရှိနိုင်မှာဖြစ်ပေမဲ့ အခုတော့ သူတို့ရဲ့ကံကြမ္မာကို သိရဖို့အတွက် ရာသီပိတ်နောက်ဆုံးပွဲစဉ်အထိ စောင့်ကြည့်သွားရပါတော့မယ်။
လတ်တလောမှာ အသင်းမှ အန်းစလော့ ထွက်ခွာရနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို လီဗာပူးပရိသတ်တွေကိုယ်တိုင်လည်း အလွန်ဆိုကို နည်းပြသစ်အဖြစ် ခန့်အပ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
အန်းစလော့ကတော့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မကြာသေးခင်ကမှ ပြောဆိုထားရာ သူ့အပေါ် ကလပ်အသင်းရဲ့ထောက်ခံအားပေးမှု အပြည့်အဝရှိနေပြီး နွေရာသီအပြောင်းအရွှေ့အစီအစဉ်တွေအတွက်လည်း ဆွေးနွေးမှုနေတယ်လို့ အခိုင်အမာပြောကြားထားပါတယ်။
အက်စတွန်ဗီလာကိုအရေးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး BBC Match of the Day နဲ့ အင်တာဗျူးမှာ လာမယ့်ရာသီအတွက် နည်းပြအဖြစ် ဆက်ရှိနေမလားဆိုတဲ့မေးခွန်းကို အန်းစလော့က ယုံကြည်မှုအပြည့်နဲ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
"ကျွန်တော့်အကြောင်းမဟုတ်ဘဲ ရလဒ်အပေါ် စိတ်ပျက်နေကြတဲ့ ကျွန်တော်တို့အသင်းအကြောင်းပဲ ဖြစ်သင့်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း မနေ့ကပဲ ပြောပြီးပါပြီ၊ ဒါဆိုရင် လုံလောက်ပါပြီ" လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီး သူက "ကျွန်တော်တို့ အခုအာရုံစိုက်ထားတာက ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်အတွက်ပါ၊ ပွဲစကတည်းက အားအင်အပြည့် ကောင်းကောင်းမွန်မွန်ကစားပြီး ပရိသတ်တွေရဲ့အားပေးမှုကို ရအောင်ယူသွားပါမယ်။ ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကို ပေါင်းစပ်လိုက်ရင် ကျွန်တော်တို့ လိုချင်တဲ့ပန်းတိုင်ဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို သေချာပေါက်ရရှိပါလိမ့်မယ်" လို့ ပြောကြားသွားခဲ့ပါတယ်။