ဝက်ကင်စ်ကို ပိုင်ဆိုင်ထားရလို့ အက်စတွန်ဗီလာအသင်း အလွန်ကံကောင်းလွန်းပါတယ်လို့ မက်ဂင်းပြော
ဒီနေ့မနက်ပိုင်း၊ လီဗာပူးကို ၄-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး အက်စတွန်ဗီလာအသင်းခေါင်းဆောင်ဂျွန်မက်ဂင်းက သူတို့အသင်းမှာ ဝက်ကင်စ်လို ကစားသမားမျိုး ရှိနေတာ အလွန်ကံကောင်းလွန်းပါတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ်မက်ဂင်းက လီဗာပူးကို အပြတ်အသတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် နောက်ဆုံးဂိုးကို သွင်းယူပေးခဲ့ပြီး ဝက်ကင်စ်က နှစ်ဂိုး၊ ရိုဂျာစ်က တစ်ဂိုး သွင်းယူခဲ့ပါတယ်။
လက်ကျန်တစ်ပွဲကစားဖို့ကျန်ရှိချိန် အက်စတွန်ဗီလာက ရမှတ် ၆၂ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်ပြီး လာမယ့်ရာသီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိသွားပါတယ်။
ဝက်ကင်စ်ကလည်း အခုနှစ်ဆန်းပို်ငးကာလနောက်ပိုင်း အရှိန်အဟုန်ကောင်းကောင်းဖြင့် ခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ ၃၁ ပွဲမှာ ၁၆ ဂိုးအထိ သွင်းယူခဲ့ပါတယ်။
လီဗာပူးကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး Sky Sports နဲ့ အင်တာဗျူးမှာတော့ မက်ဂင်းက တိုက်စစ်မှူးဝက်ကင်စ်ကို ချီးကျူးခဲ့သလို ဝက်ကင်စ်ကို စကော့တလန်နိုင်ငံသား ဖြစ်စေချင်တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။
"ကျွန်တော်ကတော့ သူ့ကို စကော့တလန်သားပဲ ဖြစ်စေချင်ပါတယ်။ မတ်လတုန်းက (လက်ရွေးစင်အသင်းမှာ) သူ စိတ်ပျက်စရာတွေ ကြုံခဲ့ရပေမဲ့ အဲ့ဒီအချက်ကပဲ သူ့ကို တွန်းအားဖြစ်စေခဲ့ပုံရပြီး အခုတော့ အကောင်းဆုံးပုံစံနဲ့ ပြန်လည်သက်သေပြနိုင်ခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
ဆက်လက်ပြီးတော့လည်း "သူ့ကို ပိုင်ဆိုင်ထားရတာ ကျွန်တော်တို့အတွက် ကံကောင်းလွန်းပါတယ်။ ပြီးခဲ့တဲ့ ရာသီအနည်းငယ်အတွင်းမှာ အသင်းအတွက် သူလုပ်ပေးခဲ့တာတွေက တကယ့်ကို အံ့ဩစရာပါပဲ။ သူက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အင်္ဂလန်အသင်းရဲ့လေယာဉ်ပေါ် အမိအရ တက်လှမ်းနိုင်လိမ့်မယ်လို့လည်း ကျွန်တော် ထင်ပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း အခုလိုခြေစွမ်းမျိုး ဆက်ပြနိုင်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။