The network connection is lost.

Banner Image

နောက်ခံအစွန်လူတွေရဲ့အခန်းကဏ္ဍကို အသွင်ပြောင်းလဲပေးခဲ့သူအဖြစ် ရောဘတ်ဆန်ကို ချီးကျူးလိုက်တဲ့ အန်းစလော့

လီဗာပူးအသင်းက ၂၀၁၇ ခုနှစ်မှာ ဟားစီးတီးအသင်းကစားသမားရောဘတ်ဆန်ကို ပြောင်းရွှေ့ကြေးပေါင် ၈ သန်းဝန်းကျင်ဖြင့် ခေါ်ယူခဲ့ပြီး ဒီအပြောင်းအရွှေ့က ကမ္ဘာ့ဘောလုံးလောကရဲ့ တန်ဖိုးအရှိဆုံးအပေးအယူတစ်ခု ဖြစ်လာခဲ့ပါတယ်။

လီဗာပူးဆီ ရောက်ရှိလာချိန် ရောဘတ်ဆန်ကို ပရိသတ်တွေကိုယ်တိုင် သိပ်မသိခဲ့ကြပေမဲ့ မရပ်မနားပြေးလွှားနိုင်တဲ့ ကစားဟန်နဲ့ အရည်အသွေးမြင့် ဖြတ်တင်ဘောတွေကြောင့် မကြာခင်မှာပဲ ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်လာခဲ့ပါတယ်။

နှစ်ပေါင်းများစွာကြာအောင် စကော့တလန်အသင်းခေါင်းဆောင်က ထရန့်အလက်ဇန္ဒားအာနိုးလ်နဲ့အတူ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံအစွန်လူအဖြစ် ရပ်တည်နိုင်ခဲ့ပြီး သူတို့ရဲ့တိုက်စစ်ဆင်နိုင်စွမ်းတွေကြောင့် နောက်ခံအစွန်လူတွေရဲ့အခန်းကဏ္ဍကို အသွင်သစ်တစ်မျိုး ဖြစ်စေခဲ့တယ်လို့ ပရိသတ်အတောင်္များများက ယူဆကြပါတယ်။

အာနိုးလ်က ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဂိုးဖန်တီးမှုအများဆုံးခံစစ်အစွန်ကစားသမားဖြစ်ပြီး သူ့ရဲ့နောက်မှာ ရောဘတ်ဆန် ရှိနေပါတယ်။

အသက် ၃၂ နှစ်အရွယ်ရောဘတ်ဆန်က ယာဂန်ကလော့ပ်ရဲ့ ရွှေရောင်လွှမ်းတဲ့အောင်မြင်မှုနှစ်တွေမှာ အဓိကကစားသမားဖြစ်ခဲ့သလို အခု နည်းပြသစ်အန်းစလော့လက်ထက်မှာလည်း အလွန်ရေပန်းစားတဲ့ ကစားသမားတစ်ဦး ဖြစ်နေဆဲပါပဲ။

ဒီည၊ အက်စတွန်ဗီလာနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အန်းစလော့က အတိတ်ကာလ၊ မန်စီးတီးနဲ့ယှဉ်ပြိုင်ရတဲ့ပွဲစဉ်အတွင်း ထွက်ပေါ်ခဲ့ဖူးတဲ့ နာမည်ကြီးဗီဒီယိုဖိုင်ကို ကိုးကားရင်း ကွင်းဘေးစည်းတလျှောက် အတက်အဆင်းအမြဲလုပ်နိုင်တဲ့ စွမ်းဆောင်ရည်နဲ့အတူ နောက်ခံအစွန်လူတွေရဲ့အခန်းကဏ္ဍကို ရောဘတ်ဆန် ဘယ်လိုမျိုါ်အသွင်းပြောင်းပေးခဲ့သလဲဆိုတာ ရှင်းပြသွားခဲ့ပါတယ်။

"ရောဘတ်ဆန်က ဒီနေရာကို ကွင်းဘေးစည်းတလျှောက် အတက်အဆင်းအမြဲလုပ်နိုင်တဲ့ပုံစံမျိုးဖြစ်အောင် ပြောင်းလဲပေးခဲ့တဲ့သူလို့ ကျွန်တော် ထင်ပါတယ်။ မန်စီးတီးကိုဖိအားပေးကစားခဲ့တဲ့ သူ့ရဲ့ပုံရိပ်ကို အားလုံးမှတ်မိကြပါဦးမယ်။ နည်းပြတော်တော်များများက သူတို့ရဲ့ကစားသမားတွေကို အဲ့ဒီဗီဒီယိုပြသပြီး သင်ကြားပေးခဲ့ကြပါတယ်၊ ကျွန်တော်အပါအဝင်ပေါ့" လို့ ဒတ်ချ်လူမျိုးနည်းပြက ဆိုပါတယ်။

"ဒါက သူ့ရဲ့စိတ်ဓါတ် ဘယ်လောက်အထိ ကြံ့ခိုင်သလဲဆိုတာနဲ့ သူ့ရဲ့ကြိုးစားအားထုတ်မှုကို ပြသနေပါတယ်။ သူက ပွဲချိန်ပြည့်၊ ကွင်းဘေးစည်းတလျှောက် အတက်အဆင်းလုပ်ပြီး ကွင်းရဲ့နှစ်ဖက်လုံးမှာ အရေးပါခဲ့ပါတယ်။ သူက ဒီနေရာကို အသွင်ပြောင်းလဲပေးခဲ့တဲ့ နောက်ခံလူတွေအနက် တစ်ဦး ဖြစ်ပါတယ်"

"သူက ကောင်းမွန်တဲ့လူသားတစ်ဦးလည်း ဖြစ်ပါတယ်။ သူနဲ့အတူအလုပ်လုပ်ခဲ့တဲ့ နှစ်နှစ်တာအတွင်း ဒါကို ကျွန်တော် သိခဲ့ရပါတယ်။ လူတွေကလည်း ဒါကို ဆိုရှယ်မီဒီယာတွေမှာ မြင်နိုင်ပါတယ်။ သူက ဒီကလပ်အသင်းမှာ သြဇာကြီးမားတဲ့ ကစားသမားတစ်ဦးပါ" လို့လည်း ဆလော့က ဆက်ပြောပါတယ်။

ရောဘတ်ဆန်က လာမယ့်ဇွန်လ၊ စာချုပ်သက်တမ်းကုန်ဆုံးချိန် အန်ဖီးလ်မှထွက်ခွာသွားဖို့ ရှိနေပါတယ်။ သူက လီဗာပူးကစားသမားဘ၀၊ ကိုးနှစ်တာကာလအတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆု နှစ်ကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ်အပါအဝင် ဆုဖလားရှစ်လုံးရရှိခဲ့ပါတယ်။