The network connection is lost.

Banner Image

ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင် ၈ ဦးစာရင်းမှာ ဂါနာကြယ်ပွင့် ဆီမန်ညို ပါဝင်လာ

ဂါနာလက်ရွေးစင်ကစားသမား ဆီမန်ညိုဟာ ဇန်နဝါရီလမှာ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာပြီးနောက်ပိုင်း ကာရာဘောင်းဖလားကို ဆွတ်ခူးနိုင်ခဲ့သလို၊ လအကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် အသင်းအတွက် ၆ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့တာကြောင့် အခုဆိုရင် ၂၀၂၅-၂၆ ဘောလုံးရာသီရဲ့ EA Sports ရာသီအကောင်းဆုံးကစားသမားဆုအတွက် ဆန်ကာတင် ၈ ဦးစာရင်းမှာ ရွေးချယ်ခံလိုက်ရပြီဖြစ်ပါတယ်။

အန်တွမ်နီ ဆီမန်ညိုဟာ အခုလို ၂၀၂၅-၂၆ ဘောလုံးရာသီရဲ့ EA Sports ပရီးမီးယားလိဂ် ရာသီအကောင်းဆုံးကစားသမားဆုအတွက် အမည်စာရင်း တင်သွင်းခံခဲ့ရတာပါ။

အခု ဂုဏ်သရေရှိဆုအတွက် ဆန်ကာတင်စာရင်းမှာ ဂါနာလက်ရွေးစင် ဆီမန်ညိုနဲ့အတူ မန်စီးတီးအသင်းဖော် အာလင်း ဟာလန်း၊ အာဆင်နယ်အသင်းမှ ဒါးဗစ် ရာယာ၊ ဂါဘရီယယ် မာဂါဟေးစ်နဲ့ ဒီကလန် ရိုက်စ်၊ မန်ချက်စတာယူနိုက်တက်မှ ဘရူနို ဖာနန်ဒက်စ်၊ နော်တင်ဟမ်ဖော့ရက်စ်မှ မော်ဂန် ဂစ်ဘ်ဝိုက်တ်နဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဂေါ သီယာဂိုတို့ ပါဝင်နေပါတယ်။

ပရိသတ်တွေအနေနဲ့ လာမယ့် မေလ ၁၈ ရက် (တနင်္လာနေ့) ဗြိတိန်စံတော်ချိန် မွန်းတည့် ၁၂ နာရီအထိ မဲပေးနိုင်မှာဖြစ်ပါတယ်။ အနိုင်ရရှိသူကိုတော့ ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ဘောလုံးကျွမ်းကျင်သူတွေရဲ့ အမှတ်တွေကို ပေါင်းစပ်ပြီး ဆုံးဖြတ်သွားမှာဖြစ်ပြီး လာမယ့် မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားမှာပါ။

ဆီမန်ညိုရဲ့ ၂၀၂၅-၂၆ ဘောလုံးရာသီ ဖြတ်သန်းမှုပုံစံဟာ ပရီးမီးယားလိဂ်မှာ အရင်က မြင်တွေ့ရခဲတဲ့ အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။

သူဟာ အခုရာသီကို ဘုန်းမောက်အသင်းနဲ့ စတင်ခဲ့ပြီး အဆင့်မြင့်တန်းမှာ အန္တရာယ်အရှိဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် ခြေစွမ်းပြနေစဉ်မှာပဲ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ မန်စီးတီးအသင်းက ကမ်းလှမ်းခေါ်ယူခဲ့တာပါ။

အသင်းသစ်ဆီ ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းပြနိုင်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်း ပရီးမီးယားလိဂ် ၅ ပွဲမှာ ၃ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့ ပထမဆုံးအကြိမ် EA Sports လအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

လက်ရှိအချိန်အထိ တစ်ရာသီလုံးစာ စာရင်းတွေအရ ဆီမန်ညိုဟာ ပရီးမီးယားလိဂ် ၃၅ ပွဲ ကစားထားပြီး ၁၆ ဂိုး သွင်းယူထားသလို၊ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားပါတယ်။

ဆန်ကာတင်စာရင်းဝင်တွေထဲမှာတော့ ၂၆ ဂိုးသွင်းထားတဲ့ အာလင်း ဟာလန်းနဲ့ ဘရန့်ဖို့ဒ်က အိုင်ဂေါ သီယာဂိုတို့ နှစ်ဦးကပဲ သူ့ထက် ဂိုးပိုသွင်းထားနိုင်တာပါ။

ဒီကိန်းဂဏန်းတွေဟာ အသက် ၂၆ နှစ်အရွယ် ဂါနာကစားသမားလေးအတွက် စွမ်းဆောင်ရည်တွေ အထွတ်အထိပ်ကို ရောက်ရှိလာတဲ့ ရာသီတစ်ခုဖြစ်ကြောင်း သက်သေပြနေပါတယ်။ သူဟာ ဂိုးသွင်းသေချာရုံတင်မကဘဲ ပက်ဂွာဒီယိုလာရဲ့ ခက်ခဲလှတဲ့ ကစားကွက်စနစ်ထဲမှာ နေရာစုံကစားနိုင်မှု၊ ထက်မြက်မှုနဲ့ ကြံ့ခိုင်မှုတွေကိုပါ ကောင်းကောင်းကြီး ပြသနိုင်ခဲ့ပါတယ်။