တော့တင်ဟမ်ကစားသမားဘ၀ အမှောင်မိုက်ဆုံးနေ့ရက်တွေအကြောင်း ဖွင့်ဟလာတဲ့ မက်ဒီဆင်
တော့တင်ဟမ်ကွင်းလယ်လူမက်ဒီဆင်က တစ်နှစ်ကြာမြင့်ခဲ့တဲ့ ဒဏ်ရာအိပ်မက်ဆိုးတွေကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်အထိ ထိခိုက်ခဲ့ရတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။
အသက် ၂၉ နှစ်အရွယ်ကစားသမားက ၂၀၂၅ ခုနှစ်၊ မေလအတွင်း ဘိုဒိုဂလင့်ပ်နဲ့ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပထမဆုံးအကြိမ် ဒဏ်ရာရခဲ့ပေမဲ့ ခွဲစိတ်ကုသဖို့မလိုအပ်ဘူးလို့ သိရပါတယ်။
ဒါပေမဲ့ တောင်ကိုရီးယားမှာ နယူးကာဆယ်နဲ့ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲအတွင်း မက်ဒီဆင်ရဲ့ဒဏ်ရာအခြေအနေ ပိုဆိုးသွားခဲ့ပြီး ခွဲစိတ်ကုသခဲ့ရသလို ၃၇၅ ရက်အထိ အနားယူခဲ့ရပါတယ်။
လိဒ်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ တနင်္လာနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားပြီးနောက် သတင်းထောက်တွေနဲ့တွေ့ဆုံချိန် မက်ဒီဆင်က ဒဏ်ရာရနေချိန်အတွင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို အခုလို ရှင်းပြခဲ့ပါတယ်။
"ကျွန်တော့်စိတ်ထဲမှာတော့ ဘိုဒိုဂလင့်ပ်နဲ့ ပွဲစဉ်မှာ ဒူးအရွတ်တစ်စိတ်တစ်ပိုင်း စုတ်ပြဲသွားလို့ ဒီကွင်းမှာပဲ ဒဏ်ရာရခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို ပြန်သတိရမိတယ်။ ပြင်ပအထူးကုဆရာဝန်ကတော့ ခွဲစိတ်ဖို့ မလိုဘူး၊ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းတွေပဲ လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒဏ်ရာက မသက်သာဘဲ သေချာပြန်မကောင်းလာလို့ တောင်ကိုရီးယားမှာ ခွဲစိတ်မှု အပြည့်အဝခံယူခဲ့ရပါတယ်" လို့ သူက ဆိုပါတယ်။
ဆက်လက်ပြီး မက်ဒီဆင်က "ပြီးခဲ့တဲ့တစ်နှစ်အတွင်း၊ အထူးသဖြင့် ခွဲစိတ်မှုနောက်ပိုင်းမှာ တကယ့်ကို စိတ်ညစ်စရာအခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ ကျွန်တော့်အတွက် တကယ့်ကို ခက်ခဲတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပေမဲ့ အခုတော့ အဲ့ဒီလိုအချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ။ ဒါတွေကို ပြန်တွေးကြည့်ရင်လည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အမာကျောဆုံးဖြစ်အောင် ကျော်ဖြတ်နိုင်ခဲ့လို့ ကျေနပ်မိပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရလည်း အခုဆိုရင် တကယ့်ကောင်းမွန်နေပါပြီ။ တော့တင်ဟမ်ပရိသတ်တွေ ကျွန်တော့်ကိုကြိုဆိုခဲ့ကြတဲ့ အခိုက်အတန့်ကိုတော့ ကျွန်တော် ဘယ်တော့မှမေ့ပျောက်နိုင်မှာ မဟုတ်ပါဘူး" လို့ ဖွင့်ဟသွားခဲ့ပါတယ်။