ချဲလ်ဆီးနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ဇာဘီ အလွန်ဆိုကို လီဗာပူးအသင်းက ခေါ်ယူဖို့ စဉ်းစားနေခြင်းမရှိ
စပိန်လူမျိုးနည်းပြ ဇာဘီ အလွန်ဆိုအနေနဲ့ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေသလို၊ တစ်ဖက်မှာလည်း လီဗာပူးအသင်းက သူ့ကို နည်းပြသစ်အဖြစ် ခေါ်ယူဖို့ စဉ်းစားနေခြင်း မရှိဘူးလို့ သတင်းများ ထွက်ပေါ်နေပါတယ်။
အသက် ၄၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အလွန်ဆိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရီးရဲလ်မက်ဒရစ်အသင်းကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း အလုပ်လက်မဲ့ ဖြစ်နေတာပါ။ ဒါပေမဲ့ သူ အလုပ်ပြန်ရဖို့ သိပ်ပြီး အချိန်အကြာကြီး စောင့်ရတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
လက်ရှိမှာ ချယ်လ်ဆီးအသင်းဟာ လီယမ် ရိုဆင်နီယာရဲ့ နေရာမှာ အစားထိုးဖို့အတွက် အလွန်ဆိုနဲ့ ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေဟာ လီဗာပူးအသင်းက အာနယ် ဆလော့ကို ဆက်လက် ယုံကြည်သွားမှာလား ဆိုတဲ့အပေါ်မှာလည်း မူတည်နေပါတယ်။
နာမည်ကျော် သတင်းထောက် ဒါဝတ် အွန်စတိန်းရဲ့ အဆိုအရ လီဗာပူးအသင်းဟာ ဒီနွေရာသီမှာ အာနယ် ဆလော့ကို လမ်းခွဲဖို့ အစီအစဉ် မရှိသလို၊ အလွန်ဆိုကိုလည်း နည်းပြသစ်အဖြစ် ထည့်သွင်း စဉ်းစားထားခြင်း မရှိပါဘူး။
အွန်စတိန်းက NBC Sports ရဲ့ အစီအစဉ်မှာ "ကျွန်တော် ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ဇာဘီ အလွန်ဆိုဟာ လီဗာပူးအသင်းရဲ့ ရွေးချယ်စရာ စာရင်းထဲမှာ လုံးဝ မပါဝင်ပါဘူး။ လီဗာပူးအသင်းဟာ လာမယ့် ရာသီကို အာနယ် ဆလော့နဲ့ပဲ အတူတူ ဆက်သွားဖို့ အပြည့်အဝ ဆုံးဖြတ်ထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။