The network connection is lost.

Banner Image

လှောင်ပြောင်မှုတွေအတွက် စိတ်ထိခိုက်ပေမဲ့ ပရိသတ်တွေရဲ့လုပ်ပိုင်ခွင့်ကို အသိအမှတ်ပြုပေးထားတဲ့ ဂျိုးဂိုးမက်ဇ်

လီဗာပူးလ်နောက်ခံလူဂျိုးဂိုးမက်ဇ်က ပြီးခဲ့တဲ့စနေနေ့မွန်းလွဲပိုင်း၊ ချဲလ်ဆီးနဲ့ပွဲစဉ်မှာ သူတို့အသင်း ကြုံတွေ့ခဲ့ရတဲ့ ပရိသတ်တွေရဲ့လှောင်ပြောင်သံတွေနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ ချဲလ်ဆီးနဲ့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ စိတ်ပျက်စရာပွဲစဉ်မှာ လီဗာပူးအသင်းအတွက် လှောင်ပြောင်ခံရမှု နှစ်ကြိမ်တိုင်တိုင် ရှိခဲ့ပါတယ်။ ပထမတစ်ကြိမ်က ရီယိုအင်ဂူမိုဟာကို လူစားလဲချိန်ဖြစ်ပြီး နောက်တစ်ကြိမ်ကတော့ ပွဲပြီးခရာမှုတ်ချိန် ဖြစ်ပါတယ်။

အန်ဖီးလ်ကွင်းဆီမလာခင် နောက်ဆုံးခြောက်ပွဲဆက်ရှုံးနိမ့်ထားတဲ့ ချဲလ်ဆီးနဲ့ အမှတ်ခွဲဝေယူခဲ့ရလို့ အန်းစလော့ရဲ့အသင်းက အခုရာသီ၊ အိမ်ကွင်းပွဲစဉ်တွေမှာ ဦးဆောင်ကစားနေရင်းမှ ကိုးမှတ်အထိ ဆုံးရှုံးခဲ့ရပါတယ်။ ဒါက ၂၀၁၅-၂၀၁၆ ဘောလုံးရာသီ (၁၄ မှတ်) နောက်ပိုင်း အိမ်ကွင်းမှာ အမှတ်အများဆုံးလေလွင့်ဆုံးရှုံးမှုလည်း ဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ပရိသတ်တွေကတော့ တကယ့်ကို စိတ်ပျက်နေကြပြီး စနေနေ့ပွဲစဉ်မှာ သူတို့ရဲ့မကျေနပ်မှုကို အင်တိုက်အားတိုက် ပြသခဲ့ကြပါတယ်။ ဂျိုးဂိုးမက်ဇ်ကတော့ အခုလိုလှောင်ပြောင်မှုတွေကို ဖြစ်သင့်ဖြစ်ထိုက်ပါတယ်လို့ ဆိုပါတယ်။

"ကျွန်တော်တို့ နားလည်ပါတယ်။ ဒီကလပ်မှာ အောင်မြင်တဲ့အချိန်တွေ အများကြီး ဖြတ်သန်းခဲ့ရတဲ့ ဝါရင့်ကစားသမားတွေအတွက်တော့ ဒါက တကယ်ကို စိတ်ထိခိုက်ရပါတယ်။ အကယ်၍ စိတ်မထိခိုက်ဘူးဆိုရင်လည်း ဒီအသင်းမှာ ဆက်ရှိမနေသင့်တော့ပါဘူး။ အရာအားလုံးကို ပြန်ပြီးမှန်ကန်လာအောင် ကျွန်တော်တို့ လုပ်သွားချင်ပါတယ်" လို့ သူက ပြောပါတယ်။

"ဒါက တစ်နှစ်ပတ်လုံးဖြစ်ပျက်နေတာတွေအပေါ် ပရိသတ်တွေရဲ့တုံ့ပြန်မှုသက်သက်ပါပဲ၊ ဒါလည်း မျှတပါတယ်။ ပရိသတ်တွေက သူတို့ ပင်ပင်ပန်းပန်းရှာထားတဲ့ပိုက်ဆံနဲ့ ကျွန်တော်တို့ကို လာကြည့်ကြတာပါ၊ ဒါကြောင့် သူတို့မှာစိတ်ပျက်ရင် စိတ်ပျက်ကြောင်း ဖော်ပြပိုင်ခွင့်ရှိပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။

လီဗာပူးအသင်းက နည်းပြအန်းစလော့လက်အောက်မှာ ပြိုင်ပွဲစုံ ၁၈ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ နွေရာသီအပြောင်းအရွှေ့ကာလမှာ လူစာရင်းကို အကြီးအကျယ် ပြောင်းလဲမယ်လို့ နည်းပြကိုယ်တိုင် ဝန်ခံထားပေမဲ့ ပရိသတ်အများစုကတော့ ရာသီသစ်မစခင် သူ့ကို ရာထူးမှထုတ်ပယ်ဖို့ တောင်းဆိုနေကြပါတယ်။