ဟာဇတ်နဲ့ ဒီဘရိုင်းနားတို့က ဘာကြောင့် တခြားပရီးမီးယားလိဂ် ကြယ်ပွင့်တွေထက် ထူးခြားနေရသလဲဆိုတာကို အွန်နရီ ရှင်းပြ
အီဒင်ဟာဇတ်နဲ့ ကီဗင်ဒီဘရိုင်းနားတို့ကို ပရီးမီးယားလိဂ်မှာ တခြားကစားသမားတွေထက် ပိုပြီးထင်ပေါ်ထူးခြားစေခဲ့တဲ့ အရည်အချင်းတွေအကြောင်းကို သီယာရီအွန်နရီက ဖွင့်ဟပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဂန္ထဝင်ကစားသမားကြီး အွန်နရီက ဟာဇတ်ကို "သူ့အတန်းအစားနဲ့သူ သီးသန့်ရှိနေသူ" လို့ ဖော်ပြခဲ့သလို ဒီဘရိုင်းနားရဲ့ ထူးခြားတဲ့ ဘောလုံးအမြင် (football brain) ကိုလည်း ချီးကျူးစကားဆိုခဲ့ပါတယ်။
အွန်နရီဟာ ဘယ်လ်ဂျီယံအသင်းရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့စဉ်က ဟာဇတ်နဲ့ နီးနီးကပ်ကပ် အလုပ်တွဲလုပ်ခဲ့ဖူးတာကြောင့် ဒီတောင်ပံကစားသမားဟာ ဘယ်လောက်တောင် အားစိုက်ထုတ်စရာမလိုဘဲ ပွဲအဖြေကို အလွယ်တကူ ပြောင်းလဲပစ်နိုင်သလဲဆိုတာကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရသူလည်း ဖြစ်ပါတယ်။
"အီဒင်ကတော့ အီဒင်ပါပဲ။ သူက သူ့အတန်းအစားနဲ့သူ သီးသန့်ရှိနေတာပါ" လို့ အွန်နရီက L'Avenir သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
"ဒါပေမဲ့ ကီဗင်ဒီဘရိုင်းနားကတော့... သူက တမူထူးခြားပါတယ်။ သူက အရာရာကို တခြားသူတွေနဲ့မတူဘဲ မြင်တတ်တယ်။ သူ့ဆီမှာ ကျွန်တော့်ရဲ့ ပုံရိပ်တွေကို မကြာခဏ ပြန်မြင်ရတတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူက အရာရာကို မြင်ပုံမြင်နည်း၊ ဘဝကို ကြည့်တဲ့အမြင်၊ စကားပြောပုံနဲ့ အချို့အရာတွေကို နားလည်သဘောပေါက်ပုံတွေက ထူးခြားလွန်းလို့ပါပဲ" လို့ ၎င်းက ဆိုခဲ့ပါတယ်။