ယူနီယံဘာလင်အသင်းနဲ့အတူ ဘောလုံးလောကရဲ့သမိုင်းသစ်ကို ရေးထိုးလိုက်တဲ့ မာရီ-လူးဝစ်အီတာ
ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ယူနီယံဘာလင်အသင်းယာယီနည်းပြ မာရီ-လူးဝစ်အီတာက ဥရောပရဲ့ ထိပ်တန်းလိဂ် ၅ ခုရဲ့ အမျိုးသားပွဲစဉ်တွေအနက် ပထမဆုံးနိုင်ပွဲရရှိတဲ့ အမျိုးသမီးနည်းပြအဖြစ် ဘောလုံးလောကရဲ့သမိုင်းသစ်တစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။
သူမကိုယ်တိုင်ဦးဆောင်လာတဲ့ ယူနီယံဘာလင်အသင်းက မိန့်ဇ်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ MEWA Arena မှာ ၃-၁ ဂိုးဖြင့် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့လို့ အခုလို ဂုဏ်ယူစရာမှတ်တမ်းကောင်းကို ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီပွဲစဉ်ရဲ့ ပွဲချိန် ၃၈ မိနစ်မှာ အီလစ်က ယူနီယံဘာလင်အတွက် အဖွင့်ဂိုးကို သွင်းယူခဲ့ပေမဲ့ နောက်ထပ် ၁၀ မိနစ်အကြာမှာပဲ အိမ်ရှင်မိန့်ဇ်အတွက် ရှာရယ်ဒိုဘက်ကာက ချေပဂိုး ပြန်သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန်နှောင်းပိုင်းမှာတော့ အိုလီဗာဘာ့ခ်နဲ့ ဂျူရန်နိုဗစ်တို့က အဖိုးတန်ဂိုးတွေ ထပ်မံသွင်းယူပေးခဲ့လို့ အမှတ်တရဖြစ်စေမယ့် နိုင်ပွဲကို အတည်ပြုနိုင်ခဲ့ပါတယ်။
"နိုင်ပွဲရရှိလို့ တကယ့်ကိုပျော်ရွှင်ရသလို ပွဲတိုင်းကိုလည်း အနိုင်ရချင်ပါတယ်။ ဒါ အမြဲတမ်းရှိနေတဲ့ဆန္ဒဖြစ်ပြီး ဒီနေ့မှာလည်း အဲ့ဒီအတိုင်းပဲ ဖြစ်လာခဲ့ပါတယ်" လို့ အီတာက DAZN ကို ပြောကြားခဲ့ပါတယ်။
"နိုင်ပွဲရခဲ့တဲ့ပုံစံလည်း တကယ်ကောင်းမွန်ခဲ့သလို ကျွန်မတို့ ဘယ်လိုမျိုးအောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သလဲဆိုတာလည်း ထူးခြားပါတယ်။ ကျွန်မတို့က အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ဖို့၊ အမှတ်တွေရဖို့နဲ့ ပွဲတိုင်းကို အနိုင်ရဖို့အတွက် နေ့တိုင်းအစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ ကျွန်မတို့ဘက်က တော်တော်လေးကြိုးစားခဲ့တာကြောင့် ဒီနေ့၊ သုံးမှတ်အပြည့်ရခဲ့သလို ခြေစွမ်းကောင်းလည်း ပြသနိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်။ ဒါ ကျွန်မအတွက်လည်း အများကြီး အရေးကြီးပါတယ်" လို့ သူမက ဆိုပါတယ်။
ဒီနိုင်ပွဲကြောင့် ယူနီယံဘာလင်အသင်းက ဘွန်ဒစ်လီဂါအမှတ်ပေးဇယားအဆင့်-၁၂ နေရာဆီ တက်လှမ်းလာခဲ့ပြီး လွန်ခဲ့တဲ့မတ်လအတွင်းမှစတင်ခဲ့တဲ့ နိုင်ပွဲပျောက်ဆုံးမှုအခြေအနေကိုလည်း အဆုံးသတ်နိုင်ခဲ့ပါတယ်။ အီတာက ပြီးခဲ့တဲ့လအတွင်း၊ နည်းပြစတက်ဖန်ဘူအမ်ဂတ် ထုတ်ပယ်ခံရပြီးနောက် အသင်းကို စတင်တာဝန်ယူခဲ့ပါတယ်။