ချန်ပီယံဆုဖလား လုပွဲအတွက် ဆာကာဟာ ဩဇာရှိတဲ့ ကစားသမား တစ်ယောက်ဖြစ်လာပြီလို့ အာတီတာ ပြောကြား
ဒီနေ့ညနေမှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ပွဲအတွက် ပြင်ဆင်နေချိန်မှာ အာဆင်နယ်နည်းပြ မီကယ်လ်အာတီတာက ဘူကာယိုဆာကာကို ချီးကျူးစကား ပြောကြားလိုက်ပါတယ်။
တနင်္ဂနွေနေ့ ညနေပိုင်း လန်ဒန်စတေဒီယံမှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ အာဆင်နယ်တို့ရဲ့ ပွဲစဉ်ဟာ ဇယားထိပ်ပိုင်းက ချန်ပီယံလုပွဲအတွက်ရော၊ ဇယားအောက်ခြေက တန်းမဆင်းရရေး တိုက်ပွဲအတွက်ပါ နှစ်သင်းလုံးအတွက် အလွန်အရေးကြီးတဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။
စနေနေ့က ကစားခဲ့တဲ့ပွဲမှာ မန်စီးတီးက ဘရန့်ဖို့ဒ်ကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် အာဆင်နယ်ရဲ့ ၅ မှတ် အသာရမှုဟာ ၂ မှတ်အထိ လျော့နည်းသွားခဲ့ပြီး ဒါဟာ အာတီတာရဲ့ အသင်းအပေါ် ဖိအားတွေ ပိုပြီး များလာစေခဲ့တာပါ။
အာဆင်နယ်အတွက် အနိုင် ၃ မှတ်က မဖြစ်မနေ လိုအပ်နေပြီး ပွဲမတိုင်ခင် အာတီတာက ဆာကာဟာ အသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်တွေကို ဆက်လက် ထိန်းထားနိုင်ဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်လာနိုင်တယ်လို့ ပြောပါတယ်။
"သိသာတာကတော့ ကလပ်အသင်းရော၊ အသင်းဖော်တွေကြားမှာပါ သူ့ရဲ့ အခန်းကဏ္ဍက ပိုပြီး ကြီးမားလာသလို ကွင်းထဲမှာ ပြိုင်ဘက်တွေအပေါ် သက်ရောက်မှုကလည်း ပိုသိသာလာပါတယ်။ အခုဆိုရင် သူ့မှာ ကိုယ်ပိုင်ဩဇာ (Aura) ရှိလာပြီဖြစ်သလို ထူးခြားတဲ့ အရည်အချင်းတွေလည်း ရှိလာပြီဆိုတာ ခံစားလို့ ရပါတယ်။ သူဟာ တခြားကစားသမားတွေနဲ့ မတူဘဲ ဘယ်အချိန်မဆို ပွဲရလဒ်ကို ပြောင်းလဲပေးနိုင်တဲ့ ကစားသမားမျိုးပါ။ ပြိုင်ဘက်တွေရဲ့ စိတ်ထဲမှာ ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်စေတာဟာလည်း အရေးကြီးတဲ့ အချက်တစ်ခုပါပဲ။ ပြီးခဲ့တဲ့ အပတ်တွေတုန်းက သူ့ကို အသင်းမှာ ပိုပြီး မြင်တွေ့ချင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။ အခုကစပြီး လန်းလန်းဆန်းဆန်း၊ စိတ်အားထက်သန်မှု အပြည့်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားကောင်းကောင်းနဲ့ အသင်းကို အကောင်းဆုံး ကူညီပေးနိုင်လိမ့်မယ်လို့ ပြောထားပါတယ်" လို့ အာတီတာက ဆိုပါတယ်။
ဆာကာဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အက်သလက်တီကိုနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ အနိုင်ဂိုး သွင်းယူပေးခဲ့သူဖြစ်ပြီး အခု ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း အသင်းကို ထပ်မံ ဦးဆောင်ပေးသွားနိုင်မလားဆိုတာ အားလုံးက စောင့်ကြည့်နေကြပါတယ်။