လီဗာပူးအသင်းနဲ့ပတ်သက်တဲ့ မိုဆာလက်ရဲ့မှတ်ချက်ကို အန်းစလော့ ပြန်လည်တုံ့ပြန်
လီဗာပူးအသင်းအတွင်း ခေါင်းဆောင်မှုပိုင်းနဲ့ပတ်သက်ပြီး မိုဆာလက်ရဲ့စိုးရိမ်ပူပန်မှုတွေကို နည်းပြအန်းစလော့က ပယ်ချလိုက်ပါတယ်။ အီဂျစ်လက်ရွေးစင်တိုက်စစ်မှူးက ကိုးနှစ်ကြာကျင်လည်ခဲ့တဲ့ အန်ဖီးလ်ကွင်းမှထွက်ခွာချိန် အသင်းရဲ့နောက်ကွယ်မှာ စံနှုန်းမြင့်မားအောင် ထိန်းကျောင်းပေးမယ့် ဝါရင့်ခေါင်းဆောင်တွေ လိုအပ်နိုင်တယ်လို့ မကြာသေးခင်ကပဲ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ ဒတ်ချ်လူမျိုးနည်းပြကတော့ လီဗာပူးအသင်းရဲ့အ၀တ်လဲခန်းထဲမှာ ခေါင်းဆောင်မှုပေးနိုင်သူတွေ အလုံအလောက်ရှိနေပြီလို့ အခိုင်အမာဆိုခဲ့သလို နောက်ရာသီမှာ အသင်းရဲ့စံနှုန်းတွေ ကျဆင်းသွားလိမ့်မယ်ဆိုတဲ့အချက်ကိုလည်း ငြင်းဆိုခဲ့ပါတယ်။
"ဗန်ဒိုက်ရော မိုဆာလက်ပြောတာနဲ့ ထပ်တူကျနေလို့လား။ မိုဆာလက်ပြောသွားတာက ဘောလုံးကလပ်အသင်းတစ်ခုအတွက် စံနှုန်းတွေ တကယ်ကို အရေးကြီးတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အဲဒီအချက်ကိုတော့ ကျွန်တော် လုံးဝသဘောတူပါတယ်။ ဒါပေမဲ့ လက်ရှိစံနှုန်းတွေက အဆင်မပြေဘူးလို့ သူပြောခဲ့တာမျိုး ကျွန်တော် မကြားမိပါဘူး။ ခင်ဗျားတို့ရော ကြားမိလို့လား" လို့ Liverpool Echo မှဖော်ပြခဲ့တဲ့ အန်းစလော့ရဲ့ ပြောကြားချက်မှာ ပါရှိပါတယ်။
ဆက်လက်ပြီး အန်းစလော့က "ကျွန်တော် ဒါကို မစိုးရိမ်ပါဘူး။ နောက်ရာသီမှာ အသင်းရဲ့စံနှုန်းတွေ အခုဘောလုံးရာသီ ဒါမှမဟုတ် အရင်ဘောလုံးရာသီတွေထက် လျော့ကျသွားမယ်ဆိုတာမျိုးကို လုံးဝ မစိုးရိမ်ပါဘူး။ စိတ်ပူနေတာမျိုးလည်း လုံး၀မရှိပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ မိုဆာလက်အပြင် ရော်ဘတ်ဆန်လို ဝါရင့်ကစားသမားပါ အသင်းမှ ထွက်ခွာနိုင်ခြေ ရှိနေသလို ဂိုးသမားအလီဆင်ရဲ့အနာဂတ်လည်း မရေမရာ ဖြစ်နေပါတယ်။