ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီက အာဆင်နယ်ကို အနိုင်ရလိမ့်မယ်လို့ ဟယ်ရီကိန်း ခန့်မှန်း
ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အာဆင်နယ်နဲ့ ပီအက်စ်ဂျီတို့ ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့အမြင်တွေကို ပြောကြားခဲ့တာပါ။
အာဆင်နယ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီးကတော့ မေလ ၃၀ ရက်နေ့ ဘူဒါပတ်စ်မှာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ဗုဒ္ဓဟူးနေ့ညက ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်းရလဒ် ၆-၅ နဲ့ အနိုင်ယူပြီး ဗိုလ်လုပွဲကို တက်လှမ်းလာခဲ့တာပါ။
ဟယ်ရီကိန်းဟာ ဘိုင်ယန်အတွက် ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ ဒီရာသီရဲ့ ၅၅ ဂိုးမြောက်ဂိုးကို သွင်းယူပေးခဲ့ပေမဲ့ ဥရောပထိပ်သီးအသင်းတွေကို ဆက်တိုက်အနိုင်ယူနေတဲ့ ပြင်သစ်ကလပ် ပီအက်စ်ဂျီကို ကျော်ဖြတ်ဖို့တော့ မလုံလောက်ခဲ့ပါဘူး။
တစ်ဖက်မှာတော့ အာဆင်နယ်အသင်းဟာ လာလီဂါကလပ် အက်သလက်တီကို မက်ဒရစ်ကို နှစ်ကျော့ပေါင်းရလဒ် ၂-၁ နဲ့ အနိုင်ယူပြီး အသင်းသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက်အဖြစ် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။
အင်အားကြီးလှတဲ့ ပီအက်စ်ဂျီကို ရှုံးနိမ့်ခဲ့ပြီးနောက် ဗိုလ်လုပွဲမှာ ဘယ်သူဖလားရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဟယ်ရီကိန်းက ခုလိုပဲ မှတ်ချက်ပေးခဲ့ပါတယ်။
"အခုအချိန်မှာတော့ ဒီရှုံးနိမ့်မှုကို လက်ခံဖို့ တကယ်ခက်ခဲပါတယ်။ နှစ်ကျော့စလုံးမှာ ကျွန်တော်တို့ဘက်က အခွင့်အရေးတွေ အများကြီးရခဲ့ပေမဲ့ ကံမကောင်းခဲ့ပါဘူး။ ဒီနေ့ပွဲမှာ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တချို့ကလည်း ကျွန်တော်တို့ဘက်မှာ မရှိခဲ့သလို ကစားပုံကောင်းခဲ့ပေမဲ့ အဆုံးသတ်ပိုင်းမှာ လိုအပ်ချက်တွေ ရှိခဲ့ပါတယ်" လို့ ဆိုပါတယ်။
"ပီအက်စ်ဂျီက လက်ရှိချန်ပီယံဆိုတော့ သူတို့က နည်းနည်းပိုပြီး ရေပန်းစားနိုင်ပါတယ်။ ဒါပေမဲ့ ခြုံကြည့်မယ်ဆိုရင်တော့ ဒါဟာ ထိပ်သီးနှစ်သင်းရဲ့ အားပြိုင်မှုဖြစ်ပြီး အကြိတ်အနယ်ရှိမယ့် ပွဲစဉ်တစ်ပွဲပါပဲ" လို့ ပြောခဲ့ပါတယ်။
ဗိုလ်လုပွဲကို ကြည့်ဖြစ်မလားဆိုတဲ့ မေးခွန်းကိုတော့ "မသိသေးပါဘူး၊ အဲဒီအချိန် ကျွန်တော် ဘယ်မှာရှိနေမလဲဆိုတဲ့အပေါ်ပဲ မူတည်ပါတယ်။ အခုလောလောဆယ်မှာတော့ ကျွန်တော် တကယ်ကို စိတ်ပျက်နေရပါတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် ခန့်မှန်းချက်တွေ ဘယ်လိုပဲရှိနေပါစေ အာဆင်နယ်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ တစ်ပွဲမှမရှုံးသေးတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး သူတို့ရဲ့ ခိုင်မာတဲ့ ခံစစ်က ဂိုးတွေတရစပ်သွင်းနေတဲ့ ပီအက်စ်ဂျီအသင်းကို တားဆီးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။