The network connection is lost.

Banner Image

လူငယ်အက်ဖ်အေဖလား ဗိုလ်လုပွဲ ကျင်းပမယ့် ကွင်းနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ် ဆုံးဖြတ်ချက်အပေါ် မိုက်ကယ်ကားရစ် စိတ်ပျက်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ မိုက်ကယ်ကားရစ်က လူငယ်အက်ဖ်အေးဖလား ဗိုလ်လုပွဲ ကျင်းပမယ့်နေရာကို ပြောင်းလဲသတ်မှတ်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မေလ ၁၄ ရက်နေ့မှာ ကစားမယ့် ယူနိုက်တက်နဲ့ မန်စီးတီးတို့ရဲ့ လူငယ်အက်ဖ်အေဖလား ဗိုလ်လုပွဲကို မန်စီးတီးအသင်းရဲ့ အဓိကကွင်းဖြစ်တဲ့ အီတီဟတ် မှာ မကစားဘဲ သူတို့ရဲ့ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ Joie Stadium မှာ ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ဒီနှစ်သင်းရဲ့ လူငယ်အသင်းတွေဟာ နှစ်ပေါင်း ၄၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် မန်ချက်စတာဒါဘီ ဗိုလ်လုပွဲအဖြစ် ဆုံတွေ့ကြတာဖြစ်ပြီး ပရိသတ်အများအပြား စိတ်ဝင်တစား ကြည့်ရှုကြမယ့် ပွဲလည်း ဖြစ်ပါတယ်။ The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ပရိသတ်တွေအတွက် လက်မှတ် ၉၆၈ စောင်ပဲ ခွဲတမ်းရရှိခဲ့ပြီး ကြာသပတေးနေ့ မနက် ၁၀ နာရီမှာ စတင်ရောင်းချချိန်မှာတော့ တစ်မိနစ်အတွင်း လက်မှတ်တွေ အကုန်အစင် ရောင်းချခဲ့ရပါတယ်။ ဒီပွဲမတိုင်ခင် အခြေအနေတွေ တင်းမာနေချိန်မှာပဲ ကားရစ်က ပွဲကျင်းပမယ့်ကွင်းနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်နေတာပါ။

၂၀၂၂ ခုနှစ်တုန်းက ယူနိုက်တက်နဲ့ နော့တမ်ဖောရက်စ်တို့ရဲ့ ဗိုလ်လုပွဲကို အိုးထရက်ဖို့ဒ်ကွင်းမှာ ပရိသတ် ၆၇,၄၉၂ ဦးအထိ စံချိန်တင် လာရောက်ကြည့်ရှုခဲ့ကြပေမဲ့ အခု Joie Stadium ကတော့ ပရိသတ် ၇,၀၀၀ ပဲ ဆံ့တာ ဖြစ်ပါတယ်။ "ကျွန်တော် တကယ်ပဲ စိတ်ပျက်မိပါတယ်။ ပြောရရင် ဗိုလ်လုပွဲဆိုတာ ကွင်းကြီးတွေမှာပဲ ကစားလေ့ရှိသလို အဲဒီအရွယ် ကစားသမားတွေအတွက်လည်း ကိုယ့်အရည်အချင်းကို ပြသခွင့်ရမယ့် အခွင့်အရေးကြီးတစ်ခုပါ။ ဒါကြောင့် ကျွန်တော်တို့ စိတ်မကောင်းဖြစ်ရတာပါ" လို့ ကားရစ်က ဆိုပါတယ်။ "ဒီပြိုင်ပွဲမှာ ကိုယ့်သူငယ်ချင်းတွေနဲ့အတူ ကစားခဲ့ရတာတွေက ကျွန်တော့်အတွက် အကောင်းဆုံး အမှတ်တရတွေ ဖြစ်ခဲ့တာပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အခုလို ကွင်းကြီးမှာ မကစားရတော့တာက နှမြောစရာပါပဲ။ ဒါပေမဲ့ ကလေးတွေအတွက်တော့ ဒါဟာ ကောင်းမွန်တဲ့ ပွဲတစ်ပွဲ၊ အခွင့်အရေးကောင်းတစ်ခု ဖြစ်လာမှာပါ။ ပွဲကလည်း ကြည့်လို့ကောင်းမယ်လို့ ကျွန်တော် ယုံကြည်သလို ကလေးတွေကို သွားရောက်အားပေးဖို့လည်း စောင့်မျှော်နေပါတယ်" လို့ သူက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်က ပရိသတ် ၆၇,၀၀၀ ကျော် တက်ရောက်ခဲ့တဲ့ စံချိန်နဲ့ ပတ်သက်ပြီးတော့လည်း "ကျွန်တော် ဖောရက်စ်နဲ့ပွဲကို သွားကြည့်ခဲ့ပါတယ်။ အဲဒီလိုပွဲမျိုးမှာ ကွင်းလုံးပြည့် အားပေးတာကို မြင်ရတာ တကယ့်ကို ထူးခြားတဲ့ ညတစ်ညပါပဲ။ အဲဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ အခုတော့ ဖြစ်လာတဲ့အတိုင်းပဲ လက်ခံရမှာပေါ့၊ ဒါကြောင့်လည်း ကျွန်တော်တို့ စိတ်ပျက်မိတာပါ။ ဒီပြိုင်ပွဲမှာ ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့အတူ ကစားခဲ့ရတဲ့ အမှတ်တရကောင်းတွေ အများကြီးရှိခဲ့တာမို့ အခုလို အဆင်မပြေတာက တကယ်ကို နှမြောစရာပါပဲ" လို့ ကားရစ်က မှတ်ချက်ပေးခဲ့ပါတယ်။