ဘိုင်ယန်မြူးနစ်နဲ့ပွဲဟာ ဒီရာသီရဲ့ အခက်ခဲဆုံးပွဲလို့ ဝန်ခံလာတဲ့ ခဗာရက်စ်ခီလီယာ
ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ပွဲမှာ ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဖိုင်နယ်မှာ တွေ့ရမယ့် ပြိုင်ဘက် အာဆင်နယ်အသင်းဘက်ကို သူတို့အာရုံစိုက်နေပြီလို့ ပီအက်စ်ဂျီတောင်ပံကစားသမား ခဗာရက်စ်ခီလီယာက ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်ကွင်းမှာ ကစားခဲ့တဲ့ ဒုတိယအကျော့ပွဲစဉ်မှာ ၁-၁ ဂိုးနဲ့ သရေကျခဲ့ပေမဲ့ နှစ်ကျော့ပေါင်းရလဒ် ၆-၅ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ပီအက်စ်ဂျီဟာ ပရီးမီးယားလိဂ်ဇယားထိပ်က အာဆင်နယ်နဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်ရတော့မှာပါ။
ဂျော်ဂျီယာကစားသမားလေး ခဗာရက်စ်ခီလီယာကတော့ ဂျာမန်ထိပ်သီးကလပ်ကို အနိုင်ယူဖို့ ကြိုးစားခဲ့ရတာဟာ ဒီရာသီရဲ့ အခက်ခဲဆုံး အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
"ဖိုင်နယ်တက်နိုင်ခဲ့လို့ တကယ်ကို ဝမ်းသာပါတယ်။ အာဆင်နယ်နဲ့ကစားရမှာ ခက်ခဲမယ်ဆိုတာကိုလည်း သိပါတယ်။ လက်ရှိမှာ ဘိုင်ယန်က အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ၊ ဒါကြောင့် သူတို့နဲ့ပွဲက အရမ်းခက်ခဲ့သလို ဒီရာသီမှာ အခက်ခဲဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်" လို့ ခဗာရက်စ်ခီလီယာက Canal Plus ကို ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက "အခုလို အသင်းကြီးမျိုးတွေနဲ့လည်း ကျွန်တော်တို့ ယှဉ်ကစားနိုင်တယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်" လို့လည်း ဆိုပါတယ်။
ပထမအကျော့တုန်းက ၂ ဂိုးသွင်းယူခဲ့တဲ့ အူစမန်ဒမ်ဘီလီကပဲ ခဗာရက်စ်ခီလီယာရဲ့ အပိုင်ဖန်တီးပေးမှုကနေတစ်ဆင့် ပွဲစပြီး ၃ မိနစ်မှာတင် မြူးနစ်မြေမှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒါကတော့ Opta by StatsPerform ရဲ့ အချက်အလက်တွေအရ ဖော်ပြထားတဲ့ ခဗာရက်စ်ခီလီယာရဲ့ ပွဲပြီးစာရင်းအင်းတွေပဲ ဖြစ်ပါတယ်။
ပွဲအစောပိုင်းမှာတင် ဂိုးရခဲ့ပြီးနောက် ပီအက်စ်ဂျီဟာ ဆက်လက်ခြိမ်းခြောက်နိုင်ခဲ့သလို နှစ်ကျော့ပေါင်းရလဒ်မှာ ၂ ဂိုးအသာရနေတာကြောင့် နောက်တန်းဆင်းပြီး ပွဲကို ထိန်းကစားခဲ့ပါတယ်။
ဟာရီကိန်းက ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ သူ့ရဲ့ ဒီရာသီ ၅၅ ဂိုးမြောက်ကို သွင်းယူပေးခဲ့ပေမဲ့ အိမ်ရှင်တို့အတွက်တော့ နောက်ကျသွားခဲ့ပါပြီ။ ဒါကြောင့် ပီအက်စ်ဂျီဟာ မေလ ၃၀ ရက်နေ့မှာ ဘူဒါပက်စ်မြို့မှာ ကျင်းပမယ့် ဗိုလ်လုပွဲဆီ တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
ပီအက်စ်ဂျီနည်းပြ လူးဝစ်င်းနရီကေးကတော့ ဂိုးတွေပြန်ရဖို့ အသည်းအသန် ကြိုးစားခဲ့တဲ့ ဘိုင်ယန်ကို တောင့်ခံနိုင်ခဲ့တဲ့ သူ့ကစားသမားတွေရဲ့ စိတ်ဓာတ်ကို ချီးကျူးခဲ့ပါတယ်။
"ဘိုင်ယန်လို အသင်းမျိုးနဲ့ကစားတဲ့အခါ ကျွန်တော်တို့ ပြသခဲ့တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာက အရမ်းကို ကောင်းမွန်ပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်ကို နှစ်နှစ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့လို့လည်း အရမ်းဝမ်းသာပါတယ်" လို့ လူးဝစ်င်းနရီကေးက သတင်းထောက်တွေကို ပြောပါတယ်။
"ပွဲက အရမ်းပြင်းထန်သလို အရမ်းလည်း ခက်ခဲပါတယ်။ သူတို့က အဆင့်မြင့်ဆုံး ဘောလုံးကို ကစားနိုင်ကြတာပါ။ နှစ်သင်းစလုံးက ပုံစံတူကြပြီး အပေါ်ကနေ ဖိကစားရတာကို ကြိုက်ကြပါတယ်။ အခုလို ရလဒ်အတွက် အလွန်ကျေနပ်ပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။