The network connection is lost.

Banner Image

နိုင်ပွဲအပြီး အမ်းမရိတ်စ်ကွင်းရဲ့အကောင်းဆုံးညချမ်းပဲလို့ ချီးကျူးစကားဆိုလိုက်တဲ့ ဒီကလန်ရိုက်စ်

စိတ်အားထက်သန်မှုအပြည့်ဆူညံနေတဲ့ အိမ်ကွင်းပရိသတ်တွေရှေ့မှောက် အာဆင်နယ်အသင်းရဲ့ သမိုင်းဝင်နိုင်ပွဲအပြီး ဒီကလန်ရိုက်စ်က အမ်းမရိတ်စ်ကွင်းရဲ့အရှိန်အဝါနဲ့ လေထုကို သူကြုံတွေ့ဖူးသမျှအခိုက်အတန့်တွေအနက် အကောင်းဆုံးဖြစ်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။

ဂန်းနားတို့က လာလီဂါကလပ်အက်သလက်တီကိုမက်ဒရစ်အသင်းကို ခက်ခက်ခဲခဲအနိုင်ယူပြီး အခုရာသီ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

ပွဲမစခင် မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေနဲ့ ကွင်းတွင်းအားပေးပုံတွေကြောင့် အံ့အားသင့်နေတဲ့ အင်္ဂလန်ကွင်းလယ်လူက အာဆင်နယ်မီဒီယာကို အခုလိုပြောပါတယ်။ "တကယ်တော့ ဒါကို ကျွန်တော် ဘယ်လိုဖော်ပြရမှန်းတောင် မသိပါဘူး။ ဒီလို အမ်းမရိတ်စ်ညမျိုးကို မျှော်လင့်နေခဲ့တာပါ။ ယေဘုယျအားဖြင့် ပြောရရင် အခုညက ကျွန်တော်မြင်တွေ့ဖူးသမျှ အကောင်းဆုံးအမ်းမရိတ်စ်ညပါပဲ၊ မနှစ်က ရီးရဲလ်မက်ဒရစ်နဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်ထက်တောင် ပိုကောင်းပါသေးတယ်" လို့ ဆိုပါတယ်။

"ဒီနေ့ ကျွန်တော်တို့ ကွင်းဆီ ကားနဲ့မောင်းဝင်လာကတည်းက အသင်းဘတ်စ်ကားတွေ ရပ်သွားခဲ့လို့ ဘာဖြစ်တာလဲဆိုပြီး တွေးနေခဲ့တာ၊ ပုံမှန်ဆိုရင် တန်းမောင်းဝင်သွားရုံပဲလေ။ အဲဒီနောက်မှာတော့ မီးရှူးမီးပန်းတွေ၊ ပရိသတ်တွေကို မြင်လိုက်ရပြီး ကားမှန်ပြတင်းပေါက်ကနေ လှမ်းကြည့်နေတဲ့ ကစားသမားတိုင်း ကြက်သီးထသွားခဲ့ရပါတယ်။ ဒါဟာ တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

"အမ်းမရိတ်စ်ကွင်းကို အခုလိုမျိုး တစ်ခါမှမမြင်ဖူးခဲ့ပါဘူး။ အဲဒါကြောင့်လည်း ပရိသတ်တွေကို အထူးကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ ဒါမျိုးကို လိုအပ်နေခဲ့တာပါ။ ကွင်းထဲရောက်ချိန်မှာလည်း လူတိုင်းရဲ့ အားအင်တွေကို ခံစားခဲ့ရပါတယ်။ ကိုယ်တိုင်ပင်ပန်းနေရင်တောင် အဲဒီအားပေးမှုတွေက ဆက်ပြီးကြိုးစားဖို့ ခွန်အားတွေ ဖြစ်စေပါတယ်။ ဒီည ကျွန်တော်တို့ အနိုင်ရဖို့အတွက် ပရိသတ်တွေက အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ ဒီကလန်ရိုက်စ်က ဖွင့်ဟခဲ့ပါတယ်။