The network connection is lost.

Banner Image

လက်ကျန် ၃ ပွဲအလိုမှာတင် ဒီရာသီရဲ့ရွှေလက်အိတ်ဆုရှင်ဖြစ်လာဖို့ သေချာသွားတဲ့ အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာ

အာဆင်နယ်ဂိုးသမားဒေးဗစ်ရာယာက ပြီးခဲ့တဲ့သီတင်းပတ်၊ ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ ပြိုင်ဘက်အသင်းဆီ ဂိုးမပေးရအောင် ကာကွယ်နိုင်ခဲ့ပြီးနောက် အခုဘောလုံးရာသီအတွင်း Clean Sheet ၁၇ ကြိမ်အထိ စံချိန်တင်ရရှိသွားလို့ ဂိုးသမားကြီးဗန်ဒါဆားတင်ရှိထားတဲ့ စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။

စပိန်ဂိုးသမားက မန်စီးတီးဂိုးသမားဒွန်နာရမ်မာထက် Clean Sheet လေးကြိမ် အသာရနေပြီး မန်စီးတီးမှာလည်း လက်ကျန်လေးပွဲကစားရဖို့ရှိနေသေးလို့ အနည်းဆုံးတော့ ဒီဆုကို ပူးတွဲပိုင်ဆိုင်ဖို့ သေချာသွားခဲ့ပါတယ်။

အာဆင်နယ်ဂိုးသမားက ပရီးမီးယားလိဂ်ရွှေလက်အိတ်ဆုကို သုံးကြိမ်ဆက်ရရှိခြင်းဖြစ်ပြီး ရီနာ၊ ဂျိုးဟတ်၊ အီဒါဆန်တို့လိုပဲ ဒီလိုရှားပါးလှတဲ့အောင်မြင်မှုကို ရယူနိုင်သူ ဂိုးသမားစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

လက်ရှိမှာတော့ ဒေးဗစ်ရာယာက အဲဗာတန်ဂိုးသမားဂျော်ဒန်ပစ်ဖို့ဒ်နဲ့ ခရစ္စတယ်ပဲလေ့စ်ဂိုးသမားဒင်းဟန်ဒါဆင်တို့ထက်Clean Sheet ခြောက်ကြိမ်အထိ အသာရနေပါတယ်။

ဒါက ဒေးဗစ်ရာယာရဲ့ ပရီးမီးယားလိဂ်ကစားသမားဘ၀သက်တမ်းတလျှောက် အကောင်းဆုံးစံချိန်ဖြစ်သလို ဒီရာသီ၊ နည်းပြအာတီတာလက်အောက်မှာ အာဆင်နယ်အသင်းခံစစ်ပိုင်းရဲ့ကျစ်လစ်ခိုင်မာမှုကို ညွှန်းဆိုပြသနေပါတယ်။

ဒေးဗစ်ရာယာက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာလည်း ရွှေလက်အိတ်ဆုရှင်ဖြစ်ခဲ့ပြီး အဲ့ဒီအချိန်တုန်းကတော့ နော်တင်ဟမ်ဖောရက်စ်ဂိုးသမားမက်ဇ်ဆဲလ်နဲ့အပြိုင် ပူးတွဲဆုရှင် ဖြစ်ခဲ့တာပါ။ အဲ့ဒီတုန်းက အခုဘောလုံးရာသီအောက်လျော့နည်းတဲ့ Clean Sheet ၁၃ ကြိမ်နဲ့ အောင်ပွဲခံခဲ့ပါတယ်။