The network connection is lost.

Banner Image

ကာရစ်ဆီမှာ ဖာဂူဆန်လိုပုံရိပ်မျိုးမြင်တွေ့နေရတယ်လို့ဆိုလိုက်တဲ့ ကွန်ဟာ

မားသီးယပ်စ်ကွန်ဟာဟာ အသင်းအပေါ် သက်ရောက်မှုကောင်းတွေ ရှိခဲ့တဲ့ မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ မိုက်ကယ်ကာရစ်ကို ချီးကျူးစကား ပြောကြားလိုက်ပါတယ်။

တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ အာနယ်ဆလော့ရဲ့ လီဗာပူးအသင်းဟာ ယူနိုက်တက်ကို ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ညံ့ဖျင်းတဲ့စွမ်းဆောင်ရည်နဲ့အတူ သူတို့ရဲ့ ဆိုးရွားလှတဲ့ ရာသီအခြေအနေက နောက်ထပ် ထိုးနှက်ချက်တစ်ခု ကြုံတွေ့ခဲ့ရပါတယ်။

ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို အတည်ပြုနိုင်ခဲ့သလို လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးကတော့ နောက်အပတ်ကျမှသာ အခွင့်အရေးကို ဆက်လက်စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

ယူနိုက်တက်အတွက် ကွန်ဟာ၊ ဘင်ဂျမင်ဆက်စ်ကိုနဲ့ ကိုဘီမိန်းနူးတို့က ဂိုးတွေသွင်းယူပေးခဲ့တာပါ။ ဒုတိယပိုင်းမှာ ယူနိုက်တက်တို့ အနည်းငယ်ရုန်းကန်ခဲ့ရပေမဲ့ ပွဲပြီးခါနီးမှာ သွင်းယူခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားလေးရဲ့ ဂိုးကြောင့် အဖိုးတန် ၃ မှတ်ကို အပိုင်ရယူနိုင်ခဲ့ပါတယ်။

ကွန်ဟာဟာ တင်ပါးဆုံကြွက်သားဒဏ်ရာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲကို လွဲချော်ခဲ့ပေမဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာတော့ ယူနိုက်တက်ရဲ့ တိုက်စစ်အတွက် အန္တရာယ်အရှိဆုံးကစားသမားတစ်ဦးအဖြစ် ပြန်လည်ပါဝင်လာခဲ့တာပါ။

ပွဲအပြီးမှာတော့ အဆိုပါဘရာဇီးတိုက်စစ်မှူးက ကာရစ်ဟာ သူ့ကို ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နဲ့ ဆင်တူတယ်လို့ ခံစားရစေကြောင်း ပြောကြားခဲ့ပါတယ်။ နည်းပြကြီးဖာဂူဆန်ဟာ ကျန်းမာရေးအခြေအနေကြောင့် ပွဲမစခင်မှာ ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရသူလည်း ဖြစ်ပါတယ်။

"ကာရစ် ရောက်လာတဲ့အခါ မှော်ဆန်တဲ့အပြောင်းအလဲတွေပါ ယူဆောင်လာခဲ့တယ်။ ဖာဂူဆန်ရဲ့ ပုံစံမျိုး ခံစားရတယ်" လို့ ကွန်ဟာက ဆိုပါတယ်။

"သူက အောင်မြင်မှုတွေရယူမယ့် အသင်းအကြောင်းကိုပဲ အမြဲပြောလေ့ရှိတယ်။ ဒီခံစားချက်တွေက ကျွန်တော်တို့ဆီ ရောက်လာပြီး သူပေးတဲ့ အချက်အလက်တွေအပေါ်မှာလည်း ပျော်ရွှင်ရသလို ရည်မှန်းချက်တွေဆီရောက်ဖို့ အစွမ်းကုန် အာရုံစိုက်နိုင်ခဲ့ကြတယ်" လို့ ၎င်းက ဆက်ပြောပါတယ်။

ဇန်နဝါရီလမှာ ရူဘင်အမော်ရင်ရဲ့နေရာကို အစားထိုးဝင်ရောက်လာတဲ့ ကာရစ်ဟာ ပြိုင်ပွဲစုံ ၁၄ ပွဲမှာ ၁၀ ပွဲအထိ အနိုင်ရအောင် စွမ်းဆောင်ပေးထားပါတယ်။ သူဟာ အသင်းကို ပြန်လည်နိုးထစေခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်လည်း ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပါတယ်။ လာမယ့်နွေရာသီမှာ အသင်းကို အလုံးစုံ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး ချန်ပီယံဆုအတွက် အဆင်သင့်ဖြစ်မယ့် အသင်းတစ်သင်းအဖြစ် တည်ဆောက်သွားဖို့လည်း ကာရစ်က ပြင်ဆင်နေပြီ ဖြစ်ပါတယ်။