ရာသီမကုန်ခင် ပရိသတ်တွေအတွက် တစ်ခုခုပြန်ပေးဆပ်ဖို့ လိုအပ်နေတယ်လို့ ဒူးဗရက်ဗ်ကာ ဆို
ဘန်လေဂိုးသမား မာတင်ဒူးဗရက်ဗ်ကာက ရာသီမကုန်ခင်မှာ ပရိသတ်တွေ ပျော်ရွှင်အားရစေမယ့် အရာတစ်ခုခုကို ပြန်လည်ပေးဆပ်ဖို့ လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက မန်စီးတီးအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဘန်လေအသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရပြီဆိုတာ အတည်ဖြစ်သွားခဲ့ပါတယ်။
ဘန်လေအသင်းရဲ့ ဝက်ဘ်ဆိုက်ကတစ်ဆင့် ဒူးဗရက်ဗ်ကာက "ကျွန်တော် တကယ်ကို စိတ်ပျက်မိပါတယ်။ ကျွန်တော်တို့ ဒီလိဂ်မှာ ဆက်ရှိနေချင်ခဲ့တာပါ၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မအောင်မြင်ခဲ့ပါဘူး။ ဒီရာသီအစပိုင်းက တော်တော်လေး ခက်ခဲခဲ့တယ်လို့ ပြောရမှာပါ။ ထိပ်တန်းအသင်းကြီးတွေနဲ့ ကစားခဲ့ရပြီး အမှတ်တွေ မရခဲ့ဘူး။ တန်းမဆင်းရဖို့ဆိုရင် အမှတ်တွေ လိုအပ်တာလေ။ တချို့ပွဲတွေမှာ အနိုင်ရဖို့ တော်တော်လေး နီးစပ်ခဲ့ပေမဲ့ လိုအပ်တဲ့ ရလဒ်ကို မဖော်ဆောင်နိုင်ခဲ့ပါဘူး" လို့ ပြောပါတယ်။
ဒါ့အပြင် ၎င်းက "ဒီနေ့ပွဲကစားပုံမှာလည်း ကောင်းမွန်တဲ့ အချက်တွေရှိခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ လုံလောက်မှု မရှိခဲ့ဘူး။ ကွင်းထဲမှာ နေရာလွတ်တွေ သိပ်မရှိပေမဲ့ သူတို့ကတော့ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အတွက် ကံဆိုးတာက ဟာလန်းက ရခဲ့တဲ့ အခွင့်အရေးကို အပိုင်အသုံးချသွားတာပါပဲ။ သူတို့အသင်းက တကယ်ကို ကောင်းလွန်းပါတယ်။ ဒီညပွဲမှာ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ အခုလို တန်းဆင်းသွားရတဲ့အတွက်လည်း တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်" လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဒူးဗရက်ဗ်ကာက "ကျန်ရှိနေတဲ့ ပွဲစဉ် ၄ ပွဲလုံးမှာလည်း ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမှာပါ။ အပတ်တိုင်း အားပေးနေတဲ့ ပရိသတ်တွေအတွက် ကျွန်တော်တို့ တစ်ခုခု ပြန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ လက်ကျန်ပွဲစဉ်တွေမှာ ပရိသတ်တွေကို ကျေးဇူးဆပ်ချင်ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။