The network connection is lost.

Banner Image

ရာသီကုန်မှာ မန်စီးတီးကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ့် ဂျွန်စတုန်းစ်

ဂျွန်စတုန်းစ်ဟာ သူ့ရဲ့အနာဂတ်အတွက် သေချာစဉ်းစားဆုံးဖြတ်ပြီးနောက်မှာတော့ အခုဘောလုံးရာသီကုန်ရင် မန်စီးတီးအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

ချန်ပီယံဆုအတွက် အပြိုင်လုနေတဲ့ မန်စီးတီးဟာ ဒီလအစောပိုင်းကတည်းက ရာသီကုန်မှာ ထွက်ခွာမယ်လို့ ကြေညာထားတဲ့ အသင်းရဲ့ ဂန္ထဝင်ကစားသမား ဘာနာဒိုဆေးလ်ဗားကို နှုတ်ဆက်ဖို့ ပြင်ဆင်နေချိန်မှာပဲ အခုလို စတုန်းစ်ရဲ့ သတင်းထွက်ပေါ်လာတာပါ။

အသက် ၃၁ နှစ်အရွယ် စတုန်းစ်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်တာအတွင်းမှာ နည်းပြ ပက်ဂွာဒီယိုလာရဲ့ လက်အောက် ရရှိနိုင်တဲ့ ဆုဖလားအားလုံးကို သိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းရဲ့ အောင်မြင်မှုတွေမှာ အဓိက အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

ဒီနောက်ခံလူဟာ ၂၀၁၆ ခုနှစ်က အဲဗာတန်ကနေ ပေါင် ၅၀ သန်းနဲ့ ပြောင်းရွှေ့လာချိန်မှာ ဒေးဗစ်လူးဝစ်ပြီးရင် ကမ္ဘာ့ဒုတိယမြောက် ဈေးအကြီးဆုံး နောက်ခံလူ ဖြစ်ခဲ့ပါတယ်။ အခုအခါမှာတော့ ပွဲထွက်ကစားခွင့် သိသိသာသာ နည်းပါးလာတာကြောင့် အသင်းကနေ ထွက်ခွာဖို့ အသင့်ဖြစ်နေပြီလို့ ယူဆရပါတယ်။

ဒီသတင်းကိုတော့ အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့တာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ နောက်ထပ် လအနည်းငယ်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။

"တနင်္လာနေ့က သတင်းတွေအရ ဂျွန်စတုန်းစ်က မန်စီးတီးကနေ အလွတ်အပြောင်းအရွှေ့နဲ့ ထွက်ခွာပါလိမ့်မယ်။ အသက် ၃၁ နှစ်အရွယ် ဒီဗဟိုနောက်ခံလူကို အလွတ်နဲ့ ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ကလပ်အသင်းတွေလည်း အခုကတည်းက ရှိနေပါပြီ" လို့ ရိုမာနိုက ဆိုပါတယ်။

ဒါ့အပြင် ရိုမာနိုက သူ့ရဲ့ တွစ်တာမှာလည်း "ဂျွန်စတုန်းစ်ဟာ နွေရာသီမှာ မန်စီးတီးကနေ အလွတ်နဲ့ ထွက်ခွာမယ်လို့ မျှော်လင့်ရပါတယ်။ သူဟာ ရာသီကုန်အထိ အသင်းကို အကောင်းဆုံးကူညီပေးချင်နေပြီး မန်စီးတီးမှာ သမိုင်းမှတ်တမ်းတွေ ရေးထိုးနိုင်ခဲ့ပြီးတဲ့နောက် ထွက်ခွာဖို့ စဉ်းစားနေတာပါ" လို့ ရေးသားခဲ့ပါတယ်။

နည်းပြဂွာဒီယိုလာက နောက်တန်းမှာ မာ့ခ်ဂူဟီနဲ့ ရူဘင်ဒီယက်စ်တို့လို ကစားသမားတွေကို ပိုမိုဦးစားပေး အသုံးပြုလာတာကြောင့် ဒဏ်ရာပြဿနာတွေ ကြုံတွေ့နေရတဲ့ စတုန်းစ်ဟာ အခုရာသီမှာ ပြိုင်ပွဲအရပ်ရပ် ၁၅ ပွဲသာ ကစားခွင့် ရရှိထားပါတယ်။

မန်စီးတီးမှာ ကစားခဲ့တဲ့ ကာလအတွင်းမှာ သူဟာ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ လိဂ်ဖလား ၅ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်ဖလား၊ ဥရောပစူပါဖလားနဲ့ ကမ္ဘာ့ကလပ်များဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး အသင်းရဲ့ ဂန္ထဝင်တစ်ဦးအနေနဲ့ ထွက်ခွာသွားတော့မှာ ဖြစ်ပါတယ်။