The network connection is lost.

Banner Image

ယူနိုက်တက်မှာ မော်ရင်ဟိုနဲ့ အဆင်မပြေဖြစ်ခဲ့ပုံတွေကို ဖွင့်ဟလာတဲ့ ပေါ့ဂ်ဘာ

ပေါလ်ပေါ့ဘာက မန်ယူအသင်းမှာ သူတို့နှစ်ယောက်ရှိနေစဉ်အတွင်း ဟိုဆေးမော်ရင်ဟိုနဲ့ အဆင်မပြေဖြစ်ခဲ့တဲ့အကြောင်းကို ဖွင့်ဟပြောကြားလိုက်ပါတယ်။ ၂၀၁၆ ခုနှစ်တုန်းက ပေါ့ဘာကို ထိုစဉ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၉.၃ သန်းနဲ့ မန်ယူအသင်းဆီ ပြန်လည်ခေါ်ယူခဲ့သူဟာ မော်ရင်ဟိုပဲ ဖြစ်ပါတယ်။ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့တဲ့ အောင်မြင်တဲ့ ပထမဆုံးရာသီကို အတူတူဖြတ်သန်းခဲ့ပြီးနောက်မှာတော့ ဒုတိယမြောက်ရာသီမှာ သူတို့နှစ်ဦးကြား ဆက်သွယ်ပြောဆိုမှုတွေ ပျက်ပြားသွားခဲ့ပါတယ်။

ရီယိုဖာဒီနန်ရဲ့ ပေါ့ဒ်ကတ်စ်မှာ မော်ရင်ဟိုလက်အောက်က သူ့ရဲ့အချိန်တွေအကြောင်း ပေါ့ဘာက ပြန်လည်ပြောပြရာမှာ "ကျွန်တော့်အနေနဲ့ ဘယ်နည်းပြနဲ့မှ ပြဿနာမရှိပါဘူး။ ကျွန်တော်ကတော့ အမြဲတမ်း လေးစားမှုရှိပါတယ်။ သူတို့က ဘာလုပ်ရမယ်ဆိုတာ ခိုင်းကြတယ်။ သူတို့က ဆရာပဲလေ။ ဒါက အမှန်တရားပါပဲ။ သူတို့က ဆရာဖြစ်တဲ့အတွက် ပွဲထွက်ကစားခွင့်ပေးမပေးဆိုတာကို သူတို့ပဲ ဆုံးဖြတ်တာပါ" လို့ ဆိုပါတယ်။

"အစပိုင်းမှာတော့ ကျွန်တော်တို့ကြားမှာ တကယ့်ကို အဆင်ပြေခဲ့ပါတယ်။ မက်ဆေ့ချ်တွေ ပို့ကြတာမျိုးတွေလည်း ရှိခဲ့တယ်။ သူက တကယ်ကို ရယ်မောပျော်ရွှင်တတ်တဲ့သူပါ။ ပြောရရင် သူက တကယ်ကို ထူးခြားတဲ့သူတစ်ယောက်ပါ" လို့လည်း ပြောခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မီဒီယာတွေမှာ သူ့အကြောင်း အမြဲတမ်းသတင်းတွေ တက်နေတာကလည်း သူတို့ကြားမှာ အဆင်မပြေဖြစ်ရတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်တယ်လို့ ပေါ့ဘာက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

"အချိန်အနည်းငယ်ကြာပြီးနောက်မှာတော့ ဒဏ်ရာတွေကြောင့် အခုလိုဖြစ်လာခဲ့တာလို့ ကျွန်တော်ထင်ပါတယ်။ မီဒီယာတွေက ကျွန်တော့်အကြောင်း သူ့ကို အမြဲမေးနေကြတဲ့အခါ သူ့စိတ်ထဲမှာ 'အင်း.. သူက ပြီးသွားပြီလား (မစွမ်းတော့ဘူးလား)' ဆိုတဲ့ပုံစံမျိုး ဖြစ်သွားစေပုံရတယ်။ ဒါက ကျွန်တော့်ဘက်က ပြဿနာလည်း ဖြစ်နေပြန်တယ်၊ လူတော်တော်များများက ကျွန်တော့်အကြောင်းပဲ မေးရတာကို သဘောကျနေကြတာပါ။ အမြဲတမ်း ပေါ့ဘာ၊ ပေါ့ဘာ၊ ပေါ့ဘာ ဆိုတော့ အဲဒါကပဲ သူ့ကို စိတ်တိုဒေါသထွက်စေခဲ့တာ ဖြစ်နိုင်ပါတယ်" လို့ ပေါ့ဘာက ရှင်းပြခဲ့ပါတယ်။