ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်ဆိုတာ ကမ္ဘာ့အကြီးကျယ်ဆုံး ကလပ်အသင်းတွေပါလို့ ဆိုလိုက်တဲ့ ဂျိုရှူအာကင်မစ်ချ်
ရီးရဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ဘာနေဗျူးကွင်းပွဲစဉ်ကို ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်အသင်းနှစ်ခုရဲ့ထိပ်တိုက်တွေ့ဆုံမှုလို့ ကင်မစ်ချ်က ယုံကြည်နေပါတယ်။
ဒီပထမအကျော့ပွဲစဉ်မတိုင်ခင်မှာပဲ ကင်မစ်ချ်က ကမ္ဘာ့အကြီးဆုံးအသင်းနှစ်သခုအကြား ရင်ခုန်စရာကောင်းတဲ့တွေ့ဆုံမှုအပေါ် သူ့ရဲ့စိတ်လှုပ်ရှားမှုကို ပြောပြခဲ့ပါတယ်။
“ရီးရဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ကစားရတယ်ဆိုတာ ထူးခြားတဲ့အတွေ့အကြုံတစ်ခုပါ။ ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ဆိုတာ ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်အသင်းတွေ ဖြစ်ကြပါတယ်” လို့ ကင်မစ်ချ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ရဲ့နည်းပြကတော့ ပွဲစဉ်တိုင်းကို အတူတူပဲလို့ သဘောထားပေမဲ့ ရီးရဲလ်မက်ဒရစ်နဲ့ကွာတားဖိုင်နယ်မှာ ကစားရတယ်ဆို တကယ်ကို ထူးခြားတဲ့အတွေ့အကြုံဖြစ်တယ်လို့ ကျွန်တော်တို့အားလုံး ခံစားမိပါတယ်။ ဒါဟာ တကယ့်ကို မျှော်လင့်စောင့်စားရတဲ့ ပွဲစဉ်မျိုးပါပဲ။
ကျွန်တော် ငယ်ငယ်က ဒီကွင်းဆီ တစ်ခါရောက်ဖူးပါတယ်။ အဲဒီတုန်းက ဘောလုံးပွဲမရှိပေမဲ့ ဒီကွင်းကြီးက ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားသလဲဆိုတာ မြင်ခဲ့ရပါတယ်။ ဒါက နေ့တိုင်းကြုံတွေ့နိုင်တဲ့ အတွေ့အကြုံမျိုး မဟုတ်ပါဘူး။ အခုလိုအခိုက်အတန့်တွေအတွက် ကျွန်တော်တို့ နေ့တိုင်းလေ့ကျင့်ခဲ့ကြတာပါ။ မနက်ဖြန်မှာ ကျွန်တော်တို့တွေ အကောင်းဆုံး ခြေစွမ်းပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ သူက ဆက်ပြောပါတယ်။
ဘိုင်ယန်မြူးနစ်က မကြာသေးခင်နှစ်တွေအတွင်း ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံချိန်တိုင်း ရုန်းကန်ခဲ့ရပြီး နောက်ဆုံးရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ရှစ်ပွဲမှာလည်း အနိုင်မရရှိခဲ့ပါဘူး။ ကင်မစ်ချ်ကတော့ အဲဒီရလဒ်တွေကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ထားပါတယ်။
“ပြီးခဲ့တဲ့နှစ်တွေက ဒီကွင်းမှာ ကျွန်တော်တို့ အမြဲတမ်းရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရပေမဲ့ အခြေအနေတွေဆိုတာ အမြဲကွဲပြားခြားနားပါတယ်။ အရင်ကတော့ ဒုတိယအကျော့ပွဲစဉ်တွေကို ဒီမှာကစားခဲ့ရတာ များပါတယ်။ မနက်ဖြန်ပွဲစဉ်ကတော့ အရာအားလုံးကို မဆုံးဖြတ်နို်ငသေးပါဘူး။ ကျွန်တော်တို့ ဒီပွဲကို ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါတယ်”လို့ ကင်မစ်ချ်က ပြောပါတယ်။
ရီးရဲလ်မက်ဒရစ်ရဲ့ကစားပုံနဲ့ ဘိုင်ယန်မြူးနစ်ရဲ့ပြင်ဆင်ထားမှုကိုလည်း ကင်မစ်ချ်က အခုလို ရှင်းပြပါတယ်။
“ပွဲစဉ်တိုင်းမှာ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ကစားဟန်နဲ့ပဲ အသာစီးရအောင် ကစားချင်ပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ကစားပုံကတော့ ထူးခြားပြီး ဘယ်လိုအခြေအနေမျိုးမှာမဆို ပြိုင်ဘက်ကို အန္တရာယ်ပေးနိုင်ပါတယ်။ အဲဒါကြောင့် ကွင်းထဲမှာ ကျွန်တော်တို့ရဲ့အားသာချက်တွေကို ထုတ်သုံးနိုင်ဖို့ အရေးကြီးပါတယ်။ ရီးရဲလ်မက်ဒရစ်ရဲ့ကစားကွက်အပေါ် မူတည်ပြီး အနည်းငယ်ပြုပြင်ပြောင်းလဲတာမျိုးရှိနိုင်ပေမဲ့ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ကစားဟန်အတိုင်းပဲ ကစားသွားချင်ပါတယ်”လို့ သူက ဆိုပါတယ်။