ရီးရဲလ်မက်ဒရစ်နဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ကစားဖို့ ပစ်မှတ်ထားနေတဲ့ မူစီယာလာ
ဂျာမလ်မူစီယာလာဟာ Säbener Straße လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်တာ၊ အိမ်မှာ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်တာနဲ့ တစ်နေ့ကို ၈ နာရီလောက်အချိန်ပေးပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ကြိုးစားနေပါတယ်။
မူစီယာလာက လတ်တလော ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့ပြီးနောက် သတိထားလုပ်ဆောင်နေပြီး နာကျင်မှုတွေ လုံးဝပျောက်ကင်းသွားမှသာ ပြန်ကစားမယ်လို့ အလေးပေးပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းရဲ့ လက်ရှိအစီအစဉ်အရ မူစီယာလာဟာ လာမယ့်တစ်ပတ်အတွင်း အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေမှာ တဖြည်းဖြည်းချင်း ပါဝင်လာမှာဖြစ်ပြီး ဒဏ်ရာကို ပိုမိုဆိုးရွားစေမယ့်အန္တရာယ်မရှိဘဲ ကြံ့ခိုင်မှုပြန်လည်ရရှိဖို့အတွက် အစပိုင်းမှာ ခဏသာပါဝင်ကစားခိုင်းမှာဖြစ်ပါတယ်။
မူစီယာလာမရှိပေမဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်က အားကောင်းတဲ့စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပါတယ်။ ဆာ့ဂျ်ဂနာဘရီနဲ့ လန်နာ့တ်ကားလ်တို့လို ကစားသမားတွေကို အစားထိုးအသုံးပြုနိုင်တာကြောင့် အသင်းအနေနဲ့ မူစီယာလာကို ကြံ့ခိုင်မှုအပြည့်အ၀ရရှိဖို့ အချိန်အလုံအလောက်ပေးချင်နေပါတယ်။
မူစီယာလာဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပထမအကျော့ပွဲစဉ်မှာ ပါဝင်ကစားဖို့ ရည်ရွယ်ထားပြီး ပိုကြီးမားတဲ့ ရည်မှန်းချက်ကတော့ လာမယ့်နွေရာသီမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အကောင်းဆုံးပုံစံကို ရှိနေစေဖို့ပဲ ဖြစ်ပါတယ်။