The network connection is lost.

Banner Image

သူ့ရဲ့ ကစားသမားဘဝအပေါ် သြဇာအရှိဆုံးဖြစ်ခဲ့တဲ့ ဘလက်ဘန်းတိုက်စစ်မှူးဟောင်းအကြောင်းပြောကြားလာတဲ့ မွိုက်စ်ကင်း

မွိုက်စ်ကင်းရဲ့ အစ်ကိုဖြစ်သူက သူ့ညီရဲ့ ကစားသမားဘဝအပေါ်မှာ စစ်စီယို ဂရပ်ဘီ (Ciccio Grabbi) က သြဇာအရှိဆုံးသူဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဘလက်ဘန်းနဲ့ ဂျီနိုအာအသင်း တိုက်စစ်မှူးဟောင်းဖြစ်သူ ဂရပ်ဘီဟာ မွိုက်စ်ကင်းရဲ့ လူငယ်အသင်း နည်းပြအဖြစ် လုပ်ကိုင်ပေးခဲ့ဖူးသူပါ။ ဂျီိုဗန်နီကင်း (Giovanni Kean) က Tuttosport ကို ပြောပြရာမှာတော့ "စစ်စီယို ဂရပ်ဘီက မွိုက်စ်ကင်းရဲ့ ဖခင်အရင်း (Godfather) လို ဖြစ်သလို ကျွန်တော်တို့နဲ့လည်း အရမ်းကို ရင်းနှီးတဲ့သူပါ။

သူဟာ မွိုက်စ်ကင်းကို ဂျူဗင်တပ်စ်လူငယ်အသင်းကနေ ပရီမာဗီရာ (Primavera) အသင်းအထိ ရောက်အောင် လေ့ကျင့်ပေးခဲ့တာပါ။ သူဟာ မွိုက်စ်ကင်းကို အများကြီး သင်ကြားပေးခဲ့ပြီး ကွင်းထဲမှာ နေရာလွတ်တွေ ဘယ်လိုရှာရမလဲ၊ ဘယ်အချိန်မှာ ပြေးထွက်ရမလဲဆိုတာတွေကိုပါ အသေအချာ သင်ပေးခဲ့တာပါ" လို့ ဆိုပါတယ်။ ဂျီိုဗန်နီက ဆက်လက်ပြောပြရာမှာတော့ မွိုက်စ်ကင်းဟာ လက်ရှိမှာ အယ်လ်ကာဒီဆီယာအသင်းဆီ ပြောင်းရွှေ့သွားတဲ့ မတ်တီယို ရီတီဂူအီနဲ့အတူ အီတလီတိုက်စစ်မှာ တွဲဖက်ကစားရတာကိုလည်း သဘောကျနေတယ်လို့ ဆိုပါတယ်။ "ဘာလို့လဲဆိုတော့ သူနဲ့ပုံစံတူတဲ့ အသင်းဖော်တစ်ယောက်ကို ရှာတွေ့ခဲ့လို့ပါပဲ၊ သူတို့နှစ်ယောက်လုံးက ကွင်းထဲမှာ မမောမပန်း ပြေးလွှားပြီး ကြိုးစားကစားသလို ဘောလုံးတိုင်းကိုလည်း အပိုင်လုဖို့ ကြိုးစားကြသူတွေပါ။

ဒါကြောင့် သူတို့ဟာ ကွင်းထဲမှာ နေရာတွေကို ခွဲဝေယူပြီး ကစားကြပါတယ်။ နေရာအနှံ့ ရွေ့လျားကစားခြင်းအားဖြင့် နေရာလွတ်တွေ ရအောင်လုပ်နိုင်ကြပြီး တစ်ယောက်မရှိတဲ့နေရာမှာ နောက်တစ်ယောက်က အမြဲရှိနေတတ်ပါတယ်" လို့ ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။