The network connection is lost.

Banner Image

မိုဆာလက်- ဘယ်တော့မှ ချိုးဖျက်နိုင်ဖို့မရှိတဲ့ စံချိန်တွေနဲ့အတူ နိဂုံးချုပ်သွားတော့မယ့် လီဗာပူးဂန္ထဝင်ရဲ့ ခေတ်တစ်ခု

"မိုဟာမက်ဆာလာ တစ်ဦးတည်းသာ" - လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း ပရီးမီးယားလိဂ်မှာ အောင်မြင်မှုတစ်ခုခုပေါ်ပေါက်ချိန်တိုင်း ဒီစကားရပ်က အမြဲတမ်း ပါဝင်နေကျ ဖြစ်ပါတယ်။

လီဗာပူးမှာကစားခဲ့တဲ့ကိုးနှစ်တာကာလအတွင်း မိုဆာလက်သတ်မှတ်ခဲ့တဲ့ စံနှုန်းတွေက အလွန်မြင့်မားလှလို့ ဘယ်လိုဂိုးသွင်းစံချိန် ဒါမှမဟုတ် ဂိုးဖန်တီးမှုစံချိန်မျိုးမှာမဆို "မိုဟာမက်ဆာလာ တစ်ဦးတည်းသာ" ဒီထက်ပိုပြီး လုပ်နိုင်ခဲ့တယ်ဆိုတဲ့အချက်က အမြဲတမ်းနောက်မှလိုက်နေခဲ့ပါတယ်။

အန်ဖီးလ်ရဲ့ထာဝရဂန္ထဝင်ကစားသမားကြီးကတော့ အခုရာသီအကုန်မှာ လီဗာပူးအသင်းမှ ထွက်ခွာတော့မယ်လို့ ကြေညာထားပြီး သူရဲ့အောင်မြင်လှတဲ့ ကစားသမားဘဝကို အဆုံးသတ်ဖို့ ကြံရွယ်လာပါတယ်။

အခုတော့ အီဂျစ်ဘုရင်ကြီးထားရှိခဲ့တဲ့ ထူးခြားတဲ့စံချိန်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

 

အသင်းတစ်ခုတည်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု အများဆုံးကစားသမား

ဒီရာသီအစောပိုင်း၊ ဘရိုက်တန်နဲ့ပွဲစဉ်မှာ အီကီတီကီအတွက် ဂိုးဖန်တီးပေးပြီးနောက် မိုဆာလက်က လီဗာပူးအတွက် ဂိုးပါဝင်ပတ်သက်မှု ၂၇၇ ကြိမ်ဖြင့် စံချိန်သစ်တင်ခဲ့ပါတယ်။ ဒါက မန်ချက်စတာယူနိုက်တက်အတွက် ဂိုးပါဝင်ပတ်သက်မှု ၂၇၆ ကြိမ်ပြုလုပ်ထားတဲ့ ဝိန်းရွန်းနီရဲ့စံချိန်ကို ကျော်တက်သွားတာပါ။

 

သမိုင်းတလျှောက် PFA တစ်နှစ်တာအကောင်းဆုံးဆုသုံးကြိမ်တိုင် ရရှိခဲ့တဲ့ တစ်ဦးတည်းသောကစားသမား

၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ လီဗာပူးကို ချန်ပီယံဖြစ်အောင် ကူညီပေးပြီးနောက် မိုဆာလက်က PFA တစ်နှစ်တာအကောင်းဆုံးဆုကို တတိယအကြိမ် ရရှိခဲ့ပါတယ်။ ဒါက သမိုင်းတစ်လျှောက် ကစားသမားအချင်းချင်း မဲပေးရွေးချယ်တဲ့ ဒီဆုကို သုံးကြိမ်တိုင်ရရှိတဲ့ တစ်ဦးတည်းသောကစားသမား ဖြစ်လာခဲ့ပြီး နှစ်ကြိမ်စီရထားတဲ့ မာ့ခ်ဟုချ်၊ အလန်ရှီးယား၊ အွန်နရီ၊ စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်နဲ့ ဒီဘရိုင်းတို့ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

 

ပရီးမီးယားလိဂ်သမိုင်းမှာ ရွှေဖိနပ်ဆု အများဆုံးကစားသမား

မိုဆာလက်က ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ ဂိုးတွေအများအပြားသွင်းယူပြီး သူ့အတွက် လေးကြိမ်မြောက်ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ရယူခဲ့ပါတယ်။ ဒါက အာဆင်နယ်တိုက်စစ်မှူးဟောင်းအွန်နရီနဲ့အတူ ပရီးမီးယားလိဂ်သမိုင်းမှာ ပူးတွဲစံချိန်တင်ထားခြင်း ဖြစ်ပါတယ်။

 

ပရီးမီးယားလိဂ်သမိုင်းတလျှောက် နိုင်ငံခြားသားတွေအနက် သွင်းဂိုးအများဆုံးကစားသမား

မိုဆာလက်က အွန်နရီကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ရဲ့နိုင်ငံခြားသားကစားသမားတွေအနက် ဂိုးအများဆုံးသွင်းယူသူ ဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ မိုဆာလက်က ၁၉၁ ဂိုး သွင်းထားပြီး ပရီးမီးယားလိဂ်သမိုင်းတလျှောက် သွင်းဂိုးအများဆုံးကစားသမားစာရင်းရဲ့ စတုတ္ထနေရာမှာ ရှိနေသလို အဂူရို (၁၈၄ ဂိုး)နဲ့ အွန်နရီ (၁၇၅ ဂိုး)တို့ကိုပါ ကျော်တက်ထားပါတယ်။

 

ပရီးမီးယားလိဂ်သမိုင်းတလျှောက် ဘယ်ခြေသွင်းဂိုးအများဆုံးကစားသမား

ဒါကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက မိုဆာလက်ရရှိထားတဲ့ စံချိန်ဖြစ်ပါတယ်။ အီဂျစ်သားရဲ့ဘယ်ခြေကတော့ ပရီးမီးယားလိဂ်မှာ ကြောက်စရာအကောင်းဆုံးအဆင့်ရှိပြီး ၂၀၂၃ ခုနှစ်အတွင်း ရော်ဘီဖောင်လာရဲ့ စံချိန်ဟောင်းကို ကျော်ဖြတ်ခဲ့ပါတယ်။

 

၃၈ ပွဲကစားရတဲ့ ပရီးမီးယားလိဂ်ရာသီတစ်ခုအတွင်း ဂိုးပါဝင်ပတ်သက်မှု အများဆုံးကစားသမား

၂၀၂၄-၂၀၂၅ ရာသီမှာ ၂၉ ဂိုးသွင်း၊ ၁၈ ဂိုး ဖန်တီးခဲ့လို့ စုစုပေါင်း ၄၇ ကြိမ်နဲ့ မိုဆာလက် စံချိန်သစ်တင်ခဲ့ပါတယ်။ အရင်က အွန်နရီ (၂၀၀၂-၂၀၀၃) နဲ့ ဟာလန်း (၂၀၂၂-၂၀၂၃) တို့ တင်ရှိထားတဲ့ ၄၄ ကြိမ်ဆိုတဲ့စံချိန်ကို ကျော်တက်သွားတာပါ။

 

ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမား၊ ရွှေဖိနပ်ဆုနဲ့ ဂိုးဖန်တီးမှုအများဆုံးဆုတွေကို တစ်ပြိုင်နက်ရယူနိုင်တဲ့ ပထမဆုံးကစားသမား

မိုဆာလက်က ပရီးမီးယားလိဂ်ရဲ့ Player of the Season၊ Golden Boot နဲ့ Playmaker Awards ဆုသုံးခုလုံးကို ရရှိခဲ့တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်ပါတယ်။ ၂၀၂၄-၂၀၂၅ ရာသီမှာ တစ်ကိုယ်တော်ဆုတွေကို သိမ်းပိုက်ရင်း ဒီစံချိန်ကို ရယူခဲ့ပါတယ်။

 

ချန်ပီယံလိဂ်သမိုင်းတလျှောက် အမြန်ဆုံးဟက်ထရစ်ရယူနိုင်တဲ့ ကစားသမား

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ရိန်းဂျားစ်နဲ့ပွဲစဉ်မှာ မိုဆာလက်က ချန်ပီယံလိဂ်သမိုင်းတလျှောက် အမြန်ဆုံးဟက်ထရစ်ကို သွင်းယူနိုင်ခဲ့ပါတယ်။ အံ့ဩဖို့ကောင်းတဲ့အချက်ကတော့ မိုဆာလက်က အရန်ကစားသမားအဖြစ် ပါဝင်ကစားလာပြီး ၆ မိနစ်နဲ့ ၁၂ စက္ကန့်အတွင်း သုံးဂိုးသွင်းယူနိုင်ခြင်း ဖြစ်ပါတယ်။

လီဗာပူးအတွက် ချန်ပီယံလိဂ်ပွဲစဉ်အများဆုံးကစားပေးထားသူ

လီဗာပူးအတွက် မိုဆာလက်ထက်ပိုပြီး ချန်ပီယံလိဂ်ပွဲစဉ်ကစားပေးထားသူ မရှိပါဘူး။ သူက လတ်တလောကစားခဲ့တဲ့ ဂါလာတာစာရေးနဲ့ပွဲစဉ်မှာ ကာရေဂါရဲ့ပွဲ ၈၀ စံချိန်ကို ကျော်ဖြတ်ပြီး ၈၂ ပွဲနဲ့ စံချိန်သစ်တင်ခဲ့ပါတယ်။ ရှေ့လာမယ့် ပီအက်စ်ဂျီနဲ့ကွာတားဖိုင်နယ်မှာလည်း သူ ပါဝင်ကစားသွားပါဦးမယ်။

 

လီဗာပူးအတွက် ဥရောပပြိုင်ပွဲသွင်းဂိုးအများဆုံးကစားသမား

မိုဆာလက်က ဥရောပစင်မြင့်မှာ လီဗာပူးအတွက် ၅၃ ဂိုး သွင်းထားပြီး ဒါက အသင်းသမိုင်းတလျှောက် အများဆုံးစံချိန်မှတ်တမ်း ဖြစ်ပါတယ်။

 

ချန်ပီယံလိဂ်ဂိုး ၅၀ ပြည့်တဲ့ ပထမဆုံးအာဖရိကကစားသမား

ဂါလာတာစာရေးကို လေးဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ မိုဆာလက်က အာဖရိကကစားသမားတွေအနက် ဥရောပချန်ပီယံလိဂ်သွင်းဂိုး ၅၀ ပြည့်မြောက်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။ ဒရော့ဘာ (၄၄ ဂိုး) နဲ့ ဆင်မြူရယ်အီတူးတို့က သူ့နောက်မှာပဲ ရှိပါတော့တယ်။

 

အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ဟက်ထရစ်သွင်းယူနိုင်တဲ့ တစ်ဦးတည်းသော ဧည့်သည်ကစားသမား

၂၀၂၁ ခုနှစ်၊ ယူနိုက်တက်ရဲ့အိမ်ကွင်းမှာ ငါးဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း မိုဆာလက်က ဟက်ထရစ်သွင်းယူခဲ့ပြီး ဒီစံချိန်ကို အခုအချိန်အထိ ဘယ်သူမှ မပိုင်ဆိုင်သေးပါဘူး။

 

လီဗာပူးဆီရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးကစားသမား

လီဗာပူးဆီ မိုဆာလက် စတင်ရောက်ရှိလာချိန်မှစပြီး ပရီးမီးယားလိဂ်မှာ အခုအချိန်အထိ သူ့လောက် ဂိုးသွင်းယူနိုင်တဲ့ကစားသမား မရှိသေးပါဘူး။ မိုဆာလက်ကိုယ်တိုင် ၁၈၉ ဂိုး သွင်းယူထားချိန်မှာ ဟာရီကိန်းက ၁၃၅ ဂိုး၊ ဆွန်ဟောင်မင်က ၁၀၉ ဂိုးနဲ့ ဟာလန်းက ၁၀၇ ဂိုးပဲ ရှိပါသေးတယ်။