လီဗာပူးကို နှုတ်ဆက်ဖို့ မိုဆာလက်ရွေးချယ်လိုက်ရခြင်းနောက်ကွယ်မှာ ဘယ်လိုအကြောင်းရင်းတွေ ရှိနိုင်သလဲ......
လီဗာပူးကြယ်ပွင့်မိုဆာလက်က အခုဘောလုံးရာသီကုန်မှာ အန်ဖီးလ်ကွင်းမှ ထွက်ခွာတော့မယ်လို့ တရားဝင်ကြေညာလိုက်ပါတယ်။ သူက လီဗာပူးရဲ့ဂန္ထဝင်ကစားသမားတစ်ဦးဆိုတာ ငြင်းစရာမရှိပေမဲ့ ဒီရာသီပြသနေတဲ့ အားနည်းတဲ့ခြေစွမ်းပိုင်းကြောင့်ပဲ ဆာလက်ကို အခုလို နှုတ်ဆက်စကားပြောဖို့ တွန်းအားပေးခဲ့ပုံရပါတယ်။
လီဗာပူးခေတ်သစ်သမိုင်းမှာ အကောင်းဆုံးကစားသမားအင်အားဖြည့်တင်းမှုတစ်ခု ဖြစ်ခဲ့တဲ့ မိုဆာလက်က အသင်းအတွက် ၄၁၉ ပွဲကစားပေးရာမှာ ဂိုး ၂၅၀ အထိ သွင်းယူပေးခဲ့သလို အဓိကဆုဖလားကြီးခုနစ်လုံး ရရှိအောင်လည်း ကူညီပေးပါတယ်။ သူက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ၅၃ ပွဲကစား၊ ၃၄ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၂၃ ကြိမ်ပြုလုပ်ခဲ့လို့ လီဗာပူးက သူ့ကို ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့သလို အသင်းသမိုင်းတလျှောက်အမြင့်မားဆုံးလုပ်ခလစာအဖြစ် သီတင်းတစ်ပတ်ကို ပေါင်လေးသိန်းအထိ ချီးမြှင့်ခဲ့ပါတယ်။
ဒါပေမဲ့ အခုဘောလုံးရာသီမှာတော့ မိုဆာလက်ရဲ့ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ အခုအချိန်အထိ အီဂျစ်ကြယ်ပွင့်က ၃၄ ပွဲကစားပြီးချိန် ၁၀ ဂိုးသာ သွင်းယူနိုင်သေးသလို ကွင်းတွင်းမှာ ပျောက်ကွယ်နေတဲ့ ပွဲစဉ်တွေလည်း အများကြီးရှိလာခဲ့ပါတယ်။ အခုသီတင်းပတ်၊ အင်္ဂါညနေပိုင်းမှာ မိုဆာလက်က လူမှုကွန်ရက်မှတဆင့် စိတ်လှုပ်ရှားစရာနှုတ်ဆက်စကားတွေကို အသိပေးလာခဲ့ပါတယ်။ ဒါကြောင့် မိုဆာလက်အတွက် လီဗာပူးဂျာစီဝတ်ဆင်ပြီးကစားရမယ့်နေ့ရက်တွေ အနည်းငယ်ပဲ ကျန်ရှိပါတော့တယ်။
သူ့ရဲ့နှုတ်ဆက်မှုမှာ နောင်တအချို့ရှိနေနိုင်ပြီး အထူးသဖြင့် ရာသီအစောပိုင်း၊ နည်းပြအန်းစလော့နဲ့ အဆင်မပြေဖြစ်ခဲ့မှုမျိုးလည်း ပါဝင်နိုင်ပါတယ်။ မိုဆာလက်ရဲ့ခြေစွမ်း ဘာကြောင့် အခုလိုကျဆင်းသွားရသလဲဆိုတာကို ခိုင်လုံတဲ့အကြောင်းအရင်း ၈ ခုအဖြစ် ကြည့်မယ်ဆိုရင် ပထမဆုံးအချက်က စာချုပ်သစ်အတွက် ကြိုးစားနေစရာ မလိုတော့လို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ စာချုပ်ကိစ္စကြောင့် အသင်းမှထွက်ခွာတော့မလိုလို သတင်းတွေထွက်အောင် လုပ်နိုင်ခဲ့ပြီး အဲ့ဒီအာရုံစိုက်ခံရမှုကပဲ သူ့ကို အကောင်းဆုံးခြေစွမ်းပြနိုင်အောင် တွန်းအားပေးခဲ့ပါတယ်။ အခုတော့ စာချုပ်သစ်ရပြီးပြီဖြစ်လို့ ရှေ့ဆက်ဖို့အတွက် အရင်လိုတွန်းအားမျိုး မရှိတော့တာလည်း ဖြစ်နိုင်ပါတယ်။
ဒုတိယအချက်ကတော့ သူ့နောက်မှာ ပုံမှန်ကစားပေးမယ့် ညာနောက်ခံလူ မရှိတော့တာနဲ့ အာနိုးလ်ကို လွမ်းဆွတ်နေရခြင်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က လီဗာပူးမှာ ရှစ်ရာသီကြာ အတွဲညီညီကစားခဲ့ကြပြီး အာနိုးလ်ထွက်ခွာသွားပြီးနောက်ပိုင်း လီဗာပူးရဲ့ညာတောင်ပံ အရင်လိုတည်ငြိမ်မှုမျိုး မရှိတော့ပါဘူး။ ဖရင်ပေါင်၊ ဘရက်ဒ်လေနဲ့ ဆိုဘိုဆလိုင်းတို့က အဲ့ဒီနေရာမှာ အစားထိုးကစားနေကြပေမဲ့ အတိတ်ကာလ၊ အာနိုးလ်လို မိုဆာလက်နဲ့ နားလည်မှုအပြည့် တွဲမကစားနိုင်ကြပါဘူး။
နောက်ထပ်အချက်တွေကတော့ အသက် ၃၃ နှစ်အရွယ်ရှိလာလို့ ခံစစ်ဆင်းကူဖို့ ဝန်လေးလာခြင်းနဲ့ ဒီယက်ဇ်လိုကစားသမားမျိုး မရှိတော့တာပဲ ဖြစ်ပါတယ်။ ဒီယက်ဇ်က အသင်းအတွက် အနစ်နာခံပြီး ပြိုင်ဘက်ကို ဖိအားပေးတက်ပေမဲ့ အခုအသစ်ရောက်လာတဲ့ အီကီတီကီ၊ အီဆက်ခ်တို့နဲ့တော့ ကစားပုံချင်း မတူညီပါဘူး။ ဒါ့အပြင် အသင်းဖော်သူငယ်ချင်းဖြစ်သူ ဒီယေဂိုဂျိုတာရဲ့ကြေကွဲစရာဖြစ်ရပ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေတာတွေလည်း ရှိနိုင်ပါတယ်။
နည်းပြအန်းစလော့ရဲ့ဒုတိယရာသီမှာ အသင်းက အရင်လို အရှိန်အဟုန်မကောင်းတော့တာ၊ နည်းပြသစ်ကို သက်သေပြချင်တဲ့ စိတ်အားထက်သန်မှုတွေ လျော့နည်းလာတာတွေကလည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဒီနွေရာသီမှာ အသင်းက ပေါင်သန်း ၄၄၀ အကုန်အကျခံပြီး ကစားသမား ၁၉ ဦးအထိ အပြောင်းအလဲလုပ်ခဲ့လို့ အသင်းဖော်သစ်တွေနဲ့ အသားကျဖို့ အချိန်ယူနေရတာလည်း ပါဝင်နိုင်ပါတယ်။
အရှင်းဆုံးပြောရရင်တော့ မိုဆာလက်ဟာ ကျန်အသင်းဖော်တွေလိုပဲ ခြေစွမ်းပိုင်း ရုန်းကန်နေရတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေရပါတယ်။ အတိတ်မှာလည်း မိုဆာလက် အခုလို ခြေစွမ်းကျဆင်းခဲ့ဖူးပေမဲ့ အမြဲတမ်းပြန်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ အဲ့ဒီလိုပြန်မလာနိုင်ဘဲ အသင်းမှထွက်ခွာမယ့်ဆုံးဖြတ်ချက်သာ ထွက်ပေါ်လာခဲ့ပါတယ်။ အခုဆိုရင် မိုဆာလက်ကိုခေါ်ယူဖို့ ဆော်ဒီရပ်ဝန်းတာဝန်ရှိသူတွေကိုယ်တိုင် အဆင့်မြင့်ဆွေးနွေးမှုတွေ ပြုလုပ်နေကြသလို လီဗာပူးဘက်မှာလည်း မိုဆာလက်နေရာအစားထိုးဖို့ လိုက်ပ်ဇစ်လူငယ်ကစားသမားတစ်ဦးကို ပစ်မှတ်ထားစောင့်ကြည့်နေပါပြီ။