ဆန်းဒါးလန်းကစားသမားတွေက တစ်ယောက်နဲ့တစ်ယောက် ပေးဆပ်နေကြတယ်လို့ ပြောကြားလာတဲ့ ဘရော့ဘီ
ဘရိုင်ယန် ဘရော့ဘီဟာ ဒီနေ့ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲမှာ ဆန်းဒါးလန်းအတွက် အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့လို့ အရမ်းကို ဝမ်းသာပီတိဖြစ်နေပါတယ်။
ဆန်းဒါးလန်းအသင်းဟာ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ဘရော့ဘီက ပွဲချိန် ၉၀ မိနစ်မှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။
နယ်သာလန်တိုက်စစ်မှူးက "ဒုတိယပိုင်းမှာ အားလုံးက ပိုကောင်းလာခဲ့ကြသလို တစ်ယောက်အတွက် တစ်ယောက် အစွမ်းကုန် ပေးဆပ်ကစားခဲ့ကြတာကို ခင်ဗျားတို့ တွေ့ရမှာပါ။ ပထမဆုံးဂိုးရပြီးတဲ့နောက်ပိုင်းမှာ လူတိုင်းက တစ်ယောက်အတွက်တစ်ယောက် ပြေးလွှားကူညီပေးခဲ့ကြလို့ ဒီနိုင်ပွဲအတွက် ကျွန်တော် တကယ်ကို ပျော်ပါတယ်" လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
အဝေးကွင်းအထိ လာရောက်အားပေးကြတဲ့ ဆန်းဒါးလန်းပရိသတ်တွေရှေ့မှာ အနိုင်ဂိုးသွင်းယူရတာ ဘယ်လိုခံစားချက်မျိုးရှိလဲဆိုတဲ့အပေါ် သူက "အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ပရိသတ်တွေက ကျွန်တော်တို့နဲ့ အမြဲတမ်း အတူရှိနေပေးကြသူတွေပါ။ ဒါဟာ ကျွန်တော့်အတွက် အများကြီးကို တန်ဖိုးရှိပါတယ်" လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဆန်းဒါးလန်းနည်းပြ ရေဂီလီဘရစ်က ဘရော့ဘီနဲ့ပတ်သက်ပြီး "သူဟာ တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာနေပါတယ်။ တကယ်ကို အထင်ကြီးဖို့ကောင်းသူပါ။ အသင်းတစ်သင်းအနေနဲ့ မှန်ကန်တဲ့ ချိတ်ဆက်မှုတွေရဖို့ အချိန်ယူခဲ့ရပါတယ်" လို့ ဆိုပါတယ်။
"အထူးသဖြင့် သူ့ရဲ့ အားသာချက်တွေကို ဘယ်လိုအသုံးချရမလဲဆိုတာမျိုးပေါ့။ အခုဆိုရင် သူဟာ ပြိုင်ဘက်တွေအတွက် တကယ့်ကို ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပြီဖြစ်သလို ဒါဟာ ကလပ်အသင်းအတွက်လည်း အားရစရာကောင်းတဲ့ အချက်ပါပဲ" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။