The network connection is lost.

Banner Image

အီရာအိုလာအတွက် နိုင်ပွဲတွေဖန်တီးပေးဖို့ လီဗာပူးအသင်းမှာ ကွင်းလယ်အဖျက်ကစားသမား မရှိဘူးလို့ ဂျရတ်ဝေဖန်

နော်တင်ဟမ်ဖောရက်စ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး စတီဗင်ဂျရတ်က လီဗာပူးအသင်းကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။

အခုပွဲစဉ်မှာ ကြိုးကြာနီတွေက ကစားသမားသစ်ဗစ်တာမူနော့ဇ်ရဲ့ ပထမဆုံးသွင်းဂိုးနဲ့အတူ အဖိုးတန်တစ်မှတ်ကိုသာ ရှာဖွေနိုင်ခဲ့ပြီး နည်းပြသစ်အီရာအိုလာကိုယ်တိုင်လည်း လိဂ်အဖွင့်ပွဲစဉ်နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ကာ ဖိအားတွေ အနည်းငယ်ရှိလာခဲ့ပါတယ်။

ရာသီသစ်အတွက် အီရာအိုလာရဲ့ကစားသမားအစုအဖွဲ့ အဆင်သင့်မဖြစ်သေးဘူးဆိုတာကိုလည်း ကွင်းတွင်းခြေမကိုင်မိ၊ လက်မကိုင်မိဖြစ်နေတဲ့ပုံစံက သက်သေပြနေခဲ့ပါတယ်။ 

ပွဲစဉ်အပြီးမှာတော့ ဂျရတ်က လီဗာပူးအသင်းကို ပျော့လွန်းတယ်လို့ ပွင့်ပွင့်လင်းလင်းပြောဆိုခဲ့ပါတယ်။

"လက်ရှိလီဗာပူးအသင်းက အနည်းငယ်ပျော့လွန်းနေတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ဆီမှာ ပြိုင်ဘက်ကို ဖျက်ဆီးမယ့်သူ၊ ကွင်းလယ်အဖျက်ကစားသမား (destroyer) မရှိပါဘူး။ တစ်ဦးချင်းထိပ်တိုက်ရင်ဆိုင်မှုအများစုမှာလည်း အနိုင်မရကြပါဘူး။ သူတို့တွေ ပျော့လွန်းပါတယ်။ ဒါက ဒီအသင်းကို ပြောင်းလဲပစ်နိုင်ဖို့ နည်းပြအတွက် နောက်ထပ်စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ သူတို့အတွက် ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်း ကောင်းမွန်ပြီး ပိုပြီးတွန်းတွန်းတိုက်တိုက်ကစားနိုင်ဖို့ လိုအပ်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာလည်း သူတို့တွေသာ တစ်ဦးချင်းရင်ဆိုင်မှုတွေနဲ့ ဘောလုံးလုယုမှုတွေမှာ ပိုပြီးအားစိုက်ထုတ်မယ်၊ အဝါကတ်အထိခံယူသွားဖို့အတွက် အသင့်ဖြစ်နေခဲ့မယ်၊ ပြိုင်ဘက်ရင်ဆိုင်ရခက်ခဲအောင် ပိုပြီးကြမ်းကြမ်းတမ်းတမ်းကစားခဲ့မယ်ဆိုရင် အနိုင်သုံးမှတ်အပြည့် ရရှိခဲ့ပါလိမ့်မယ်။ တခါတလေတော့ ပွဲစဉ်တွေကို မတူညီတဲ့ပုံစံမျိုးနဲ့ အနိုင်ယူရပါတယ်။

ဒီအသင်းမှာ နည်းစနစ်ပိုင်းကောင်းမွန်တဲ့ ကစားသမားတွေ၊ ထိပ်တန်းပါရမီရှင်တွေ အများကြီး ရှိပေမဲ့ ခပ်ကြမ်းကြမ်းကိုင်တွယ်ကစားပုံမျိုးတော့ မတွေ့ရပါဘူး။ ဒါက နည်းပြကိုယ်တိုင် ဒီအသင်းဆီ ယူဆောင်လာပေးရမယ့် အရာ ဖြစ်ပါတယ်။ အဲ့ဒီလိုမဟုတ်ရင်တော့ ဘောလုံးရာသီရဲ့အဆုံးအဖြတ်ဖြစ်တဲ့ ဆုဖလားတွေပေါ်ပေါက်လာချိန်မျိုးမှာ လီဗာပူးအသင်း မရှိနေနိုင်ပါဘူး" လို့ ဆိုပါတယ်။

လီဗာပူးအသင်းက လာမယ့်သောကြာနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အစ်ဆွစ်တောင်းနဲ့ ရင်ဆိုင်ကစားပြီးနောက် လာမယ့်စက်တင်ဘာ ၈ ရက်မှာ ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို ဆင်နွှဲသွားရပါမယ်။