ဘယ်သူမှ မရောက်လာချင်တဲ့နေရာဖြစ်လာအောင် ဖန်တီးကြစို့ဆိုပြီး ပရိတ်သတ်တွေဆီ တောင်းဆိုလိုက်တဲ့ ဟာဇလာ
အခုသီတင်းပတ်ကုန်၊ လီဗာပူးအသင်းနဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင် ပွဲကြိုသတင်းစာရှင်းလင်းပွဲဆီ ဘရိုက်တန်နည်းပြဟာဇလာ တက်ရောက်ခဲ့ပါတယ်။
လီဗာပူးကတော့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ တော့တင်ဟမ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့လို့ ပရီးမီးယားလိဂ်နှစ်ပွဲဆက်အမှတ်လျော့ကျခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့မျှော်လင့်ချက်လည်း အတော်လေးထိခိုက်သွားခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဘရိုက်တန်က နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ်လေးပွဲမှာ သုံးပွဲအထိ အနိုင်ရထားပြီး အဆင့် ၁၂ နေရာဆီ တက်လှမ်းလာခဲ့သလို အဆင့် ၈ မှာရှိနေတဲ့ အဲဗာတန်နဲ့လည်း ၃ မှတ်ပဲ ကွာဟပါတော့တယ်။
လတ်တလောမှာ ဆီးဂေါလ်တွေက စနေညနေပိုင်းပွဲစဉ်အတွင်း ဧည့်သည်လီဗာပူးကို အံ့အားသင့်သွားအောင် လုပ်ဆောင်ပြနိုင်ဖို့ မျှော်လင့်နေပြီး နည်းပြဟာဇလာကိုယ်တိုင်လည်း အိမ်ကွင်ပရိသတ်တွေကို အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်ပေးကြဖို့ တောင်းဆိုခဲ့ကြပါတယ်။
"တတ်နိုင်သမျှ ကျယ်ကျယ်လောင်လောင် အော်ဟစ်အားပေးကြပါ၊ ကျွန်တော်တို့နောက်မှာ အမြဲရှိနေပေးပြီး အားအင်တွေ ဖြစ်စေမယ့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးကြပါ။ အေမက်စ်ကွင်းကို ဘယ်ပြိုင်ဘက်အသင်းမှ လာမကစားချင်တဲ့ကွင်းမျိုးဖြစ်အောင် ကျွန်တော်တို့ ဖန်တီးနိုင်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ကစားအားနဲ့ ခြေစွမ်းကို အများကြီးထောက်ကူပေးပါလိမ့်မယ်။ အာဆင်နယ်နဲ့ပွဲမှာလည်း ပရိသတ်တွေရဲ့အား တကယ်ပါဝင်ခဲ့သလို ပွဲရလဒ်ကိုလည်း သက်ရောက်မှုရှိခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။
ဟာဇယ်လာရဲ့အသင်းက အာဆင်နယ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ဒဏ်ရာကို ပြီးခဲ့တဲ့သီတင်းပတ်၊ ဆန်းဒါးလန်းကို ၁-၀ နဲ့ အနိုင်ယူရင်း ကုစားနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း လီဗာပူးက တူရကီချန်ပီယံဂါလာတာစာရေးကို ၄-၀ ဂိုးဖြင့်အပြတ်အသတ်အနိုင်ယူပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဆီ တက်လှမ်းထားပါတယ်။
အန်းစလော့ရဲ့အသင်းမှာ ယုံကြည်မှုအပြည့်ရှိနေလို့ သူတို့ကို ပွဲထိန်းချုပ်ခွင့် မပေးမိလိုက်ဖို့ ဟာဇလာက သတိပေးခဲ့ပါတယ်။ "လီဗာပူးက အခုထိတစ်ဦးချင်း အရည်အသွေးကောင်းမွန်လွန်းတဲ့ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ အကောင်းဆုံး အသင်းတစ်ခုဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ အန်ဖီးလ်ကွင်းမှာ သူတို့တွေက ထူးခြားတဲ့ စွမ်းဆောင်ရည်တွေ အမြဲပြသနိုင်လေ့ ရှိပါတယ်။ သူတို့က အရှိန်ရသွားပြီဆိုရင် ဘယ်အသင်းအတွက်မဆို အရမ်းအန္တရာယ်များပါတယ်။ သူတို့ အရှိန်မရလာအောင် တားဆီးဖို့က ကျွန်တော်တို့ရဲ့ တာဝန်ပါပဲ။ ကျွန်တော်တို့ဘက်က အသင့်ပြင်ထားပြီး ပြင်းထန်တဲ့ကစားဟန်နဲ့ ရင်ဆိုင်ရပါမယ်" လို့ ပြောကြားခဲ့ပါတယ်။