ကြံ့ခိုင်မှုပိုင်း ရာနှုန်းပြည့် မဖြစ်သေးဘူးလို့ ဝန်ခံလိုက်တဲ့ ချဲလ်ဆီးကပ္ပတိန်ရီစီဂျိမ်းစ်
ချဲလ်ဆီးအသင်းခေါင်းဆောင်ရီစီဂျိမ်းစ်က ပရီးမီးယားလိဂ်ရာသီသစ်မစတင်မီ သူ့ရဲ့ကြံ့ခိုင်မှုပိုင်း ရာနှုန်းပြည့်ဖြစ်လာဖို့ လိုအပ်နေသေးတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ်ကစားသမားက သောမတ်စ်တူချယ်ရဲ့အင်္ဂလန်အသင်းနဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့ ပြန်လည်ပူးပေါင်းလာတာ သိပ်မကြာသေးပါဘူး။
ရီစီဂျိမ်းစ်က ချဲလ်ဆီးအသင်းရဲ့ရာသီကြိုနောက်ဆုံးခြေစမ်းပွဲစဉ်ဖြစ်တဲ့ ရီးရဲလ်ဆိုစီဒက်ကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ပွဲစဉ်မှာ တစ်နာရီကျော်ကြာ ပါဝင်ကစားခဲ့ပါတယ်။
ဗဟိုကွင်းလယ်လူအဖြစ် ပါဝင်ကစားခဲ့တဲ့ ရီစီဂျိမ်းစ်က ပြိုင်ဘက်ဂိုးဧရိယာအတွင်းဆီ ဖြတ်တင်ဘောလှလှပပပေးပို့ပြီး ဂျော်အိုပက်ဒရိုရဲ့အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပါတယ်။
ချဲလ်ဆီးအသင်းကတော့ ၂၀၂၆-၂၀၂၇ ဘောလုံးရာသီကို အနောက်လန်ဒန်ဒါဘီပြိုင်ဘက် ဖူလ်ဟမ်အသင်းရဲ့ အိမ်ကွင်းဆီ သွားရောက်ကစားပြီး စတင်ရပါလိမ့်မယ်။ ဒါပေမဲ့ ရီစီဂျိမ်းစ်ကတော့ သူ့ရဲ့ခြေစွမ်းပိုင်း ပိုကောင်းမွန်လာဖို့ အချိန်အနည်းငယ်လိုအပ်နေသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။
"အနားယူရတဲ့အချိန်က အတော်လေးတိုတောင်းခဲ့ပေမဲ့ ကွင်းထဲမှာ ကစားရတာ တော်တော်လေးကောင်းမွန်တဲ့ ခံစားချက် ရှိခဲ့ပါတယ်" လို့ ပွဲစဉ်အပြီးမှာ ရီစီဂျိမ်းစ်က ပြောပါတယ်။
"ရာသီဥတုအခြေအနေက အတော်လေးခက်ခဲပြီး အရမ်းပူပြင်းခဲ့ပေမဲ့ ကျွန်တော့်ရဲ့ခံစားချက်တွေ ကောင်းမွန်နေပါတယ်။ ဒါက အစောပိုင်းပဲ ရှိပါသေးတယ်၊ ကြံ့ခိုင်မှုပိုင်းလိုအပ်ချက် ရှိနေသေးပေမဲ့ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုတော့ ဖြစ်ခဲ့ပါတယ်။
အလွန်တိုတောင်းတဲ့ အားလပ်ရက်ကာလဖြစ်ပြီး လူတိုင်းလိုချင်တဲ့ အချိန်ထက် ပိုတိုတောင်းနိုင်ပေမဲ့ အသင်းဆီ ပြန်လာနိုင်လို့ ဝမ်းသာမိသလို ရာသီသစ်လည်း မကြာခင် စတင်သွားပါတော့မယ်" လို့ ရီစီဂျိမ်းစ်က ဆက်ပြောပါတယ်။