ရပ်ရှ်ဖို့ဒ်ရဲ့ အပြောင်းအရွှေ့သဘောတူညီချက်ကို ပြင်ဆင်ဖို့ ယူနိုက်တက်နဲ့ ညှိနှိုင်းလိုနေတဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ မာကပ်စ် ရပ်ရှ်ဖို့ဒ်ရဲ့ အငှားစာချုပ်မှာပါတဲ့ အပြီးသတ်ဝယ်ယူခွင့်ကို အသုံးချဖို့ စိတ်အားထက်သန်မှု လျော့နည်းသွားပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကနေ တစ်ရာသီအငှားနဲ့ လာရောက်ကစားနေတဲ့ ရပ်ရှ်ဖို့ဒ်ကို ဘာစီလိုနာက ယူရို သန်း ၃၀ နဲ့ အပြီးသတ် ဝယ်ယူနိုင်တဲ့ အခွင့်အရေး ရှိနေတာပါ။
ဒါပေမဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ အသင်းအပေါ် အကျိုးသက်ရောက်မှု ရှိနေပေမဲ့လည်း ဘာစီလိုနာဘက်က သူ့ကို ရေရှည်အတွက် အပြီးသတ်ခေါ်ယူဖို့ ငွေအမြောက်အမြား အကုန်အကျခံဖို့ တွန့်ဆုတ်နေပါတယ်။
အဲဒီအစား ဘာစီလိုနာက တခြားနေရာတွေမှာ လူအင်အားဖြည့်တင်းဖို့အတွက် ငွေကြေးသုံးစွဲနိုင်အောင် ရပ်ရှ်ဖို့ဒ်ကို နောက်ထပ်တစ်ရာသီ ထပ်ပြီး အငှားစာချုပ်သက်တမ်းတိုးချင်နေတာပါ။
အကယ်၍ အငှားစာချုပ်ကုန်ဆုံးချိန်မှာ မဖြစ်မနေ ဝယ်ယူရမယ်ဆိုတဲ့ အချက်ကို ထည့်သွင်းမယ်ဆိုရင် ဒီအစီအစဉ်သစ်ကို မန်ယူဘက်က သဘောတူလိမ့်မယ်လို့ ဘာစီလိုနာက ယုံကြည်နေကြောင်း Daily Mail သတင်းဌာနက ဖော်ပြထားပါတယ်။ ရပ်ရှ်ဖို့ဒ်နဲ့ မန်ယူတို့ရဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၈ ခုနှစ်အထိ ရှိနေတာဖြစ်ပါတယ်။