The network connection is lost.

Banner Image

ပရိသတ်တွေ ဂုဏ်ယူရမယ့်အသင်းဖြစ်အောင် ကြိုးစားသွားမယ်လို့ ပြောလိုက်တဲ့ တော့တင်ဟမ်ကြယ်ပွင့်ဇာဗီဆိုင်မွန်စ်

ဗုဒ္ဓဟူးညပိုင်း၊ အက်သလက်တီကိုမက်ဒရစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ တော့တင်ဟမ်ကွင်းလယ်လူ ဇာဗီဆိုင်မွန်စ် စိတ်ကျေနပ်မှုရှိနေပါတယ်။

အဆိုပါပွဲစဉ်မှာ ဇာဗီဆိုင်မွန်စ်ရဲ့ နောက်ဆုံးမိနစ်ပင်နယ်တီဂိုးနဲ့အတူ တော့တင်ဟမ် အနိုင်ရရှိခဲ့ပေမဲ့ နှစ်ကျော့ပေါင်းရလဒ် ၇-၅ ဂိုးဖြင့် အက်သလက်တီကိုမက်ဒရစ် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဆီ တက်ရောက်သွားသလို တော့တင်ဟမ်လည်း ပြိုင်ပွဲမှ ထွက်ခွာလာရပါတယ်။

အခုပွဲစဉ်မှာ နှစ်ဂိုးသွင်းယူပြီး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု (Man-of-the-match)ကိုပါ သိမ်းပိုက်ခဲ့တဲ့ ဆိုင်မွန်စ်က "အထူးသဖြင့် ပထမပိုင်းမှာ ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံကို တကယ်ပဲ သဘောကျမိပါတယ်" လို့ ဆိုပါတယ်။

"ကျွန်တော်တို့ အနိုင်ရဖို့ ကြိုးစားခဲ့ကြပြီး နိုင်ပွဲလည်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်တစ်ဆင့်တက်ဖို့တော့ လုံလောက်မှုမရှိခဲ့ပါဘူး၊ ဒါကိုလက်ခံပြီး ရှေ့ဆက်သွားရပါမယ်။ ချန်ပီယံလိဂ်လိုအဆင့်မြင့်ဆုံးပြိုင်ပွဲကြီးမှာ ကစားခွင့်ရဖို့ဆိုတာ ကျွန်တော့်ရဲ့အိပ်မက်ဖြစ်ပြီး ဒီအသင်းရဲ့အင်္ကျီကို ဝတ်ဆင်ထားတဲ့အချိန်တိုင်းမှာ အကောင်းဆုံးကြိုးစားကစားသွားပါမယ်။ ဒီနေ့ပွဲစဉ်ကို ကျွန်တော် တကယ်ပဲ ပျော်ပျော်ရွှင်ရွှင်ကစားခဲ့ပါတယ်"

"အက်သလက်တီကိုမက်ဒရစ်လိုအသင်းမျိုးကို အစွမ်းကုန်ယှဉ်ပြိုင်နိုင်ခဲ့တယ်ဆိုတာ ဂုဏ်ယူစရာပါပဲ။ ဟုတ်ပါတယ်၊ ကျွန်တော်တို့လည်း နောက်တစ်ဆင့်တက်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာ ရရှိလာတဲ့ အကောင်းမြင်စရာအချက်တွေကိုပဲ ယူသွားရပါမယ်"

"လက်ရှိအချိန်မှာ ကျွန်တော်တို့ ဘယ်လိုအခြေအနေမှာ ရှိနေလဲဆိုတာ သိပါတယ်။ အားလုံးစည်းစည်းလုံးလုံးနဲ့ ပရိသတ်တွေ ဂုဏ်ယူနိုင်အောင်ပဲ ဆက်ပြီး ကြိုးစားသွားပါမယ်" လို့ ၎င်းက ပြောကြားသွားခဲ့ပါတယ်။