ဘာစီလိုနာကိုကျော်ဖြတ်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ဆိုလာတဲ့ မာဖီ
နယူးကာဆယ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ဂျေးကော့မာဖီက ဗုဒ္ဓဟူးနေ့ညမှာ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဘာစီလိုနာအသင်းကို သတိပေးစကား ပြောကြားလိုက်ပါတယ်။
စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းဟာ ပထမအကျော့ အဝေးကွင်းမှာ သရေကျခဲ့ပြီးနောက် အိမ်ကွင်းဖြစ်တဲ့ နူးကမ့်မှာ နယူးကာဆယ်ကို ဧည့်ခံကစားရာမှာ ရှုံးထွက်အဆင့်ကနေ ၁၁ ကြိမ်ဆက်တိုက် နောက်တစ်ဆင့်တက်နိုင်တဲ့ မှတ်တမ်းကောင်းကို ရယူဖို့ ကြိုးစားနေတာပါ။
ဘာစီလိုနာဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ အင်္ဂလန်အသင်းတွေနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၅ ကြိမ်စလုံးမှာ အနိုင်ရထားသလို၊ ဥရောပပြိုင်ပွဲတွေမှာ အင်္ဂလန်အသင်းတွေကို အိမ်ကွင်းမှာ ၃၇ ကြိမ် ဧည့်ခံကစားခဲ့ရာမှာလည်း ၂ ကြိမ်သာ ရှုံးနိမ့်ဖူးပါတယ်။ ဒီလိုမှတ်တမ်းတွေရှိနေပေမဲ့လည်း မာဖီကတော့ ဟန်စီဖလစ်ရဲ့ အသင်းကို အဆုံးအထိ တိုက်ပွဲဝင်သွားဖို့ သူ့အသင်းဖော်တွေကို တိုက်တွန်းရင်း ဘာစီလိုနာဆီ သတင်းစကားပါးလိုက်ပါတယ်။ "ကျွန်တော်တို့ သူတို့ကို ရင်ဆိုင်ဖို့ အသင့်ပါပဲ၊ ပထမအကျော့မှာကတည်းက ကျွန်တော်တို့ ဘာတွေလုပ်နိုင်လဲဆိုတာ ပြသခဲ့ပြီးသားပါ။ အခုထိတော့ အခွင့်အရေးက နှစ်ဖက်စလုံးမှာ ရှိနေတုန်းပါပဲ" လို့ သူက ဆိုပါတယ်။
ပထမအကျော့ပွဲစဉ်အပေါ် ပြန်လည်သုံးသပ်ရာမှာတော့ "ကျွန်တော်တို့ ချမှတ်ထားတဲ့ ကစားကွက်အတိုင်း အပြည့်အဝ ပုံဖော်နိုင်ခဲ့ပါတယ်။ တကယ့်ကို ကောင်းမွန်တဲ့ ဂိုးတစ်ဂိုးကိုလည်း ရရှိခဲ့ပါတယ်။ တီနို လီဗရာမန်တိုက အရမ်းတော်ခဲ့သလို၊ ဂျိုးဝီးလော့ခ်ကလည်း လှလှပပ ပြေးထွက်ပြီး ဂေါ်ဒီ့ကို ရှာတွေ့ခဲ့တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုပါပဲ။ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ပြီးချိန်မှာ ကစားသမားအားလုံးရဲ့ ခံစစ်ကစားပုံက အံ့ဩစရာပါပဲ။ နောက်ခံလူ ၄ ယောက်က တကယ်ကို ထူးချွန်ခဲ့သလို ကွင်းလယ်လူ ၅ ယောက်ကလည်း စည်းကမ်းတကျနဲ့ ကြိုးစားအားထုတ်မှု ရှိခဲ့ပါတယ်။ ဂေါ်ဒီကလည်း တော်တော်လေးကို ရုန်းကန်ကစားပေးခဲ့တာပါ" လို့ မာဖီက ပြောပါတယ်။ နယူးကာဆယ်အသင်းဟာ ချယ်လ်ဆီးကို အနိုင်ရပြီးတဲ့နောက် ဒီပွဲကို ရင်ဆိုင်ရမှာဖြစ်ပြီး ဒါဟာ သူတို့ရဲ့ နောက်ဆုံးအဝေးကွင်း ၅ ပွဲမှာ ၄ ပွဲမြောက် အနိုင်ရရှိမှုလည်း ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ၁၁ ပွဲမှာ ၂ ပွဲသာ ရှုံးနိမ့်ထားတာကြောင့် ဒီအပတ်မှာ ဘာစီလိုနာကို အံ့အားသင့်စရာ ရလဒ်မျိုးဖြစ်အောင် လုပ်ပြနိုင်ဖို့ မျှော်လင့်ချက်အပြည့် ရှိနေသလို ဘာစီလိုနာဘက်ကလည်း ဒါကို စိုးရိမ်နေရနိုင်ပါတယ်။