The network connection is lost.

Banner Image

စတန်းဖို့ဒ်ဘရစ်ချ်မှာ ဂိုးသွင်းယူနိုင်ခဲ့လို့ ဝမ်းသာမိကြောင်းဖွင့်ဟလာတဲ့ ခဗာရက်စ်ခီလီယာ

စတန်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးကို ၃-၀ နဲ့ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ ပီအက်စ်ဂျီကြယ်ပွင့် ခဗာရက်စ်ခီလီယာက အလွန်ဝမ်းမြောက်ကျေနပ်နေပါတယ်။

ဒီရလဒ်ကြောင့် လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ နှစ်ကျော့ပေါင်းရလဒ် ၈-၂ နဲ့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အဆိုပါညမှာ ခဗာရက်စ်ခီလီယာက ဂိုးသွင်းယူနိုင်ခဲ့သလို ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာတော့ သူက "ကျွန်တော် တကယ်ကို စိတ်ကျေနပ်မှုရှိပါတယ်" လို့ ဆိုပါတယ်။

"ချဲလ်ဆီးကို အနိုင်ရခဲ့လို့ တကယ်ကို ဝမ်းသာပါတယ်။ သူတို့က အသင်းကောင်းတစ်သင်းဖြစ်လို့ ဒီပွဲက မလွယ်ကူခဲ့ပါဘူး။ ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပေမဲ့ ဒီနေ့ညက ကျွန်တော်တို့ရဲ့ ညပါပဲ။ ကျွန်တော်တို့ရဲ့ ကစားဟန်အတိုင်း ကစားနိုင်ခဲ့သလို အားလုံးကလည်း အကောင်းဆုံး ကြိုးစားခဲ့ကြတာက အရေးကြီးပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ ပျော်ရွှင်မိပါတယ်" လို့ ခဗာရက်စ်ခီလီယာက ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး "အဖွင့်ဂိုးကို မြန်မြန်ဆန်ဆန် သွင်းယူနိုင်ခဲ့တာက အရေးပါခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့ရဲ့ ကစားကွက်အတိုင်းပဲ အေးအေးဆေးဆေး ဆက်ကစားနိုင်ခဲ့တာပါ။ တကယ်လို့သာ ကျွန်တော်တို့ဘက်က ဂိုးအရင်ပေးလိုက်ရမယ်ဆိုရင် ကစားဟန်က ပြောင်းလဲသွားနိုင်တာကြောင့် ပွဲက ပိုခက်ခဲသွားနိုင်ပါတယ်" လို့လည်း သူက ဆိုပါတယ်။

"ပွဲတိုင်းမှာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို မြှင့်တင်နိုင်ဖို့ ကြိုးစားလေ့ရှိပါတယ်။ ဒီနေ့မှာ တကယ်ကို ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်ပြနိုင်ခဲ့ကြပါတယ်။ ရှေ့မှာလည်း ပွဲတွေ အများကြီး ကျန်သေးတာကြောင့် ဒီလိုပုံစံအတိုင်းပဲ ဆက်သွားဖို့ လိုအပ်ပါတယ်" လို့လည်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။