The network connection is lost.

Banner Image

ဖလစ်၊ ဒီကို၊ လီဝန်ဒေါစကီးနဲ့ ရပ်ရှ်ဖို့ဒ်တို့ရဲ့ ဘာစီလိုနာစာချုပ်သစ်တွေအကြောင်း ပြောကြားလာတဲ့ လာပေါ်တာ

ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌအဖြစ် အသစ်ပြန်လည်ရွေးချယ်ခံရတဲ့ ဂျုန်းလာပေါ်တာက နည်းပြ ဟန်ဆီဖလစ်ရဲ့ စာချုပ်သစ်အတွက် မကြာခင်မှာ ကြေညာချက် ထွက်ပေါ်လာတော့မယ်လို့ ပြောကြားလိုက်ပါတယ်။

RAC1 ရေဒီယိုနဲ့ အင်တာဗျူးမှာ လာပေါ်တာက ဖလစ်ဟာ နည်းပြအဖြစ် ဆက်လက်ရှိနေမယ်လို့ အတည်ပြုခဲ့သလို တိုက်စစ်မှူး လီဝန်ဒေါစကီး၊ မန်ယူအသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်နဲ့ အားကစားဒါရိုက်တာ ဒီကိုတို့ရဲ့ စာချုပ်တွေကို သက်တမ်းတိုးဖို့ ကတိပြုခဲ့ပါတယ်။

ဇူလိုင်လ ၁ ရက်နေ့မှာ ရာထူးကို တရားဝင် စတင်တာဝန်ယူမယ့် ဥက္ကဋ္ဌ လာပေါ်တာက ဂျာမန်နည်းပြကြီးနဲ့ သဘောတူညီမှု ရရှိထားတာကို မကြာခင်မှာ ကြေညာသွားမယ်လို့ ရှင်းပြခဲ့ပါတယ်။

လာပေါ်တာက "လက်ရှိ ဘုတ်အဖွဲ့အနေနဲ့ ဖလစ်ရဲ့ စာချုပ်ကို သက်တမ်းတိုးနိုင်ပါတယ်။ ကျွန်တော်တို့က သူ့ကို ၂၀၂၈ အထိ စာချုပ်ချုပ်ချင်တာဖြစ်ပြီး ရာသီတိုင်းအတွက် တစ်နှစ်ချင်းစီ စဉ်းစားသွားမယ့် ပုံစံမျိုးနဲ့ပါ။ သူကလည်း သဘောတူထားပြီးသားဖြစ်သလို ဒီမှာလည်း အရမ်းပျော်နေတာကြောင့် သဘောတူညီမှုကို မကြာခင် ကြေညာသွားမှာပါ။ ဒါဟာ ဟန်ဆီ၊ (ရာဖေးလ်) ယုစတီနဲ့ ဒီကိုတို့ ပူးပေါင်းပြီး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ကျွန်တော်လည်း တကယ်ကို သက်တမ်းတိုးစေချင်တာပါ" လို့ ပြောပါတယ်။

"ဖလစ်နဲ့ ဒီလိုမျိုး ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာက အရမ်း အရေးကြီးပါတယ်။ သူက ဘောလုံးအကြောင်းကို ကောင်းကောင်း နားလည်သူပါ။ ဒါဟာ အသင်းရဲ့ တည်ငြိမ်မှုကို ပြသရာရောက်သလို ကျွန်တော်တို့ အောင်မြင်နေတယ်ဆိုတာကိုလည်း သက်သေပြနေတာပါ။ သူ ဘာစီလိုနာမှာ နောက်ထပ် ၅ နှစ်လောက် ဆက်ရှိနေနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက ခွန်အားအပြည့်ရှိတဲ့ လူငယ်တစ်ယောက်ဖြစ်သလို ဒီမြို့မှာလည်း ပျော်ရွှင်နေပါတယ်" လို့ ဆိုပါတယ်။

၎င်းက ဆက်လက်ပြီး "ဒီကိုကိုလည်း ဆက်ရှိစေချင်ပါတယ်။ သူက စကားနည်းပြီး ကိုယ့်အလုပ်ကိုယ် အာရုံစိုက်တတ်သူဖြစ်သလို သူ့အလုပ်အပေါ်မှာလည်း ကျေနပ်နေသူပါ။ သူက အလုပ်ကို အပတ်တကုတ် ကြိုးစားတတ်သလို စိတ်ဓာတ်လည်း ပြင်းထန်သူပါ။ ဖလစ်နဲ့လည်း အဆင်ပြေပြေ လက်တွဲနိုင်သလို တစ်ဦးနဲ့တစ်ဦးလည်း လေးစားမှုရှိကြပါတယ်။ လီဝန်ဒေါစကီးကတော့ သူသာ ဆက်နေချင်တယ်ဆိုရင် ဆက်ရှိစေချင်ပါတယ်။ ဒီကိုရဲ့ ရည်ရွယ်ချက်ကတော့ ဆက်နေဖို့ပါပဲ၊ သူဟာ ဒါနဲ့ ထိုက်တန်သူပါ" လို့ ပြောပါတယ်။

"သူ (လီဝန်ဒေါစကီး) က ဘာစီလိုနာကို ခက်ခဲတဲ့ အခြေအနေမှာ ရောက်လာခဲ့တာပါ။ သူသာ ဆက်နေချင်တယ်ဆိုရင် ကျွန်တော်တို့က ကြိုဆိုပါတယ်။ သူက သူ့ကို ပေးထားတဲ့ တာဝန်ကို လက်ခံထားပြီး ဖာရန်တောရက်စ်နဲ့လည်း တွဲဖက်ညီပါတယ်။ သူတို့နှစ်ယောက်ရှိရင် အဲဒီနေရာအတွက် လုံလောက်သွားပေမဲ့ တကယ်လို့ တစ်ယောက်ယောက်ကို ထပ်ခေါ်ရမယ်ဆိုရင်လည်း ခေါ်မှာပါ။ ဟာရီကိန်းကတော့ လီဝန်ဒေါစကီးနဲ့ အသက်တူတူလောက် ဖြစ်မှာပေါ့..." လို့ ဆိုပါတယ်။

ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး လာပေါ်တာက "မားကပ်စ်က ဂိုးဖန်တီးမှုတွေ၊ ဂိုးတွေနဲ့အတူ အစွမ်းပြနေပါတယ်။ သူသာ ကစားခွင့်ရမယ်ဆိုရင် ဒီပွဲစဉ်ကို ကျော်ဖြတ်နိုင်ဖို့ ကျွန်တော်တို့ကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်နဲ့ စကားပြောဖို့ ကြိုးစားသွားမှာပါ" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။