ဘရန့်ဖို့ဒ်နဲ့သရေကျခဲ့တဲ့ပွဲစဉ်အပေါ် အမြင်ကိုထုတ်ဖော်ပြောပြလာတဲ့ ဝုဗ်နည်းပြအက်ဒ်ဝက်
တနင်္လာညပိုင်း၊ ဘရန်ဖို့ဒ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ဝုလ်ဗ်အသင်းသားတွေ ပြသခဲ့တဲ့ စိတ်ဓာတ်ပိုင်းကို နည်းပြရော့ဘ်အက်ဒ်ဝက်က အလွန်ကျေနပ်အားရနေပါတယ်။ ဒီပွဲစဉ်မှာ ဝုဗ်က နှစ်ဂိုးပြတ်ရှုံးနိမ့်နေရာမှ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ အက်ဒ်ဝက်က "ကျွန်တော်တို့ တကယ်ကို ကောင်းကောင်းကစားနိုင်နေတယ်လို့ ခံစားခဲ့ရပေမဲ့ သူတို့က နှစ်ဂိုး အသာရသွားခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့အမှားကြောင့်လို့လည်း ခံစားရပါတယ်။ ဒါပေမဲ့ ချေပဂိုးတစ်ဂိုးရပြီးနောက် ကျွန်တော်တို့ရဲ့ကစားကွက်နဲ့အစီအစဉ်ကို မဖျက်ဘဲ ဆက်သွားနိုင်ခဲ့သလို လူစားလဲမှုအနည်းငယ်ပဲ လုပ်ခဲ့ရပါတယ်။ ကျွန်တော်တို့ ပွဲထဲမှာ အကောင်းဆုံးရှိနေခဲ့သလို အဲဒါက ပထမပိုင်းအပြီးမှာ မှန်ကန်တဲ့ လုပ်ဆောင်ချက်ဖြစ်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းကစားပုံကတော့ တကယ်ကို အထူးကောင်းမွန်ခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
ပွဲပြီးခါနီးမှာ အနိုင်ဂိုးရဖို့ နီးစပ်ခဲ့မှုနဲ့ပတ်သက်လို့လည်း အက်ဒ်ဝက်က "ဟုတ်ပါတယ်၊ အဲဒီအချိန်မှာ ကွင်းအခြေအနေနဲ့ ခံစားချက်အရ ကျွန်တော်တို့က ပွဲကို စိုးမိုးထားပြီး အနိုင်ရဖို့ တိုက်စစ်ဆင်နေတာပါ။ ဂိုးတိုင်တွေ၊ ဘားတန်းတွေကိုလည်း ထိခဲ့သေးလို့ တကယ်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုလို့ပဲ မြင်ပါတယ်" လို့ ဆက်ပြောပါတယ်။
"ကျွန်တော့် ကစားသမားတွေအတွက် တကယ်ကို ဂုဏ်ယူပါတယ်။ ၂ ဂိုးပြတ် ရှုံးနေချိန်မှာ ပြောဖို့ခက်ပေမဲ့ ဒီညပွဲကို ကျွန်တော်တို့ အနိုင်ရနိုင်ခဲ့တယ်လို့ ခံစားရပါတယ်။ ဒီရာသီမှာ ဘယ်လောက်တောင်ခြေစွမ်းပြနေလဲဆိုတာ အားလုံးသိထားတဲ့ အသင်းမျိုးကို သူတို့အိမ်ကွင်းမှာ အခုလို အစွမ်းကုန် ပြန်တိုက်စစ်ဆင်နိုင်ခဲ့တယ်ဆိုတာအတွက် တကယ် ဂုဏ်ယူမိပါတယ်။ ဒါက အသင်းရဲ့တိုက်ပွဲဝင်လိုစိတ်၊ သတ္တိနဲ့ စည်းလုံးမှုတွေကို ပြသလိုက်တာပါပဲ။"
"လက်ရှိမှာ ကျွန်တော်တို့အသင်းက အမှတ်ပေးဇယားမှာ အခုလိုအခြေအနေမျိုး ဖြစ်နေပေမဲ့လည်း အသင်းတစ်ခုလုံးကတော့ စည်းစည်းလုံးလုံးရှိနေပြီး ရှေ့ဆက်ဘာလုပ်ရမလဲဆိုတာကို အားလုံးသိထားကြပါတယ်။ အနိုင်ရတဲ့ အသင်းတစ်ခုဖြစ်အောင် ပြန်လည်တည်ဆောက်ဖို့ လမ်းကြောင်းက အဝေးကြီး ကျန်သေးပေမဲ့ အခုတော့ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ" လို့ ၎င်းက ဆိုပါတယ်။