ဗစ်တာဖောင့်ကို အနိုင်ရပြီး နောက်ထပ် ၅ နှစ်သက်တမ်းအတွက် ဘာစီလိုနာဥက္ကဋ္ဌအဖြစ် ပြန်လည်ရွေးချယ်ခံရတဲ့ ဂျိုအန်လာပေါ်တာ
ဂျိုအန်လာပေါ်တာဟာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဗစ်တာဖောင့်ကို အနိုင်ရရှိခဲ့ပြီး ၂၀၃၁ ခုနှစ်အထိ ကတ်တလန်အသင်းကြီးကို ဆက်လက်ဦးဆောင်ခွင့် ရရှိသွားခဲ့ပါတယ်။
အသက် ၆၃ နှစ်အရွယ် လူချစ်လူခင်ပေါများတဲ့ ဂျိုအန်လာပေါ်တာဟာ ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲတုန်းကလည်း ဖောင့်ကို အနိုင်ရရှိခဲ့ဖူးသူပါ။ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေအရ လွန်ခဲ့တဲ့ပတ်အနည်းငယ်က ဥက္ကဋ္ဌရာထူးကနေ ခေတ္တနုတ်ထွက်ခဲ့ပေမဲ့ အခုတော့ ဇူလိုင်လမှာ ရာထူးကို ပြန်လည်ရယူတော့မှာ ဖြစ်ပါတယ်။
ဒီရွေးကောက်ပွဲမှာ ဘာစီလိုနာအသင်းဝင် စုစုပေါင်းရဲ့ ၄၂ ရာခိုင်နှုန်းခန့် (မဲအရေအတွက် ၄၈,၄၈၀) လာရောက်မဲပေးခဲ့ကြပါတယ်။
မဲအရေအတွက် ၃၆,၁၁၇ ခုကို ရေတွက်ပြီးချိန်မှာ ဂျိုအန်လာပေါ်တာက မဲအရေအတွက် ၆၈.၄၇ ရာခိုင်နှုန်း ရရှိထားပြီး ဖောင့်ကတော့ ၂၉.၅၂ ရာခိုင်နှုန်းပဲ ရရှိခဲ့ပါတယ်။ ရေတွက်ဖို့ ကျန်နေသေးတဲ့ မဲအရေအတွက် ၁၂,၃၆၃ ခုရှိပေမဲ့ ဂျိုအန်လာပေါ်တာရဲ့ အသာစီးရမှုကတော့ ကျော်ဖြတ်ဖို့ မဖြစ်နိုင်တော့တာကြောင့် အနိုင်ရရှိဖို့ သေချာသွားခဲ့တာပါ။
"ကျွန်တော်တို့ စိတ်မကောင်းပါဘူး၊ တကယ်လည်း မျှော်လင့်ချက်အပြည့်ရှိခဲ့တာမို့ နှမြောဖို့တော့ ကောင်းပါတယ်။ လာပေါ်တာကိုတော့ ဂုဏ်ပြုပါတယ်" လို့ ရှုံးနိမ့်မှုကို ဝန်ခံရင်း ဖောင့်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဂျိုအန်လာပေါ်တာဟာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ အထိ ဘာစီလိုနာကို ဦးဆောင်ခဲ့ဖူးပြီး အဲ့ဒီအချိန်ဟာ ဘာစီလိုနာရဲ့ ရွှေရောင်လွှမ်းတဲ့ ကာလတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ၂၀၀၉ ခုနှစ်မှာ ပက်ဂွာဒီယိုလာရဲ့ ဦးဆောင်မှုနဲ့အတူ ဆုဖလားသုံးလုံး အောင်မြင်မှုကိုလည်း ရရှိခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ဆီဗီလာကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက်မှာ အသင်းကြီးကစားသမား အများအပြားနဲ့ နည်းပြ ဟန်ဆီဖလစ်တို့ဟာ မဲပေးဖို့ သွားရောက်ခဲ့ကြပြီး ဂျိုအန်လာပေါ်တာကလည်း သူတို့နဲ့အတူ မဲပုံးတွေရှိရာကို လိုက်ပါသွားခဲ့ပါတယ်။
အသင်းဝင်တွေအဖြစ် မဲလာပေးသူတွေထဲမှာ ကွင်းလယ်လူဟောင်း ဆာဂျီယို ဘူးစကတ်၊ အမျိုးသမီး ဘော်လွန်ဒီအောဆု သုံးကြိမ်ရ ဘာစီလိုနာအမျိုးသမီးအသင်းကြယ်ပွင့် အိုက်တာနာ ဘွန်မာတီနဲ့ ကစားသမားဟောင်းဖြစ်သလို နည်းပြဟောင်းလည်းဖြစ်တဲ့ ဇာဗီဟာနန်ဒက်ဇ်တို့လည်း ပါဝင်ခဲ့ကြပါတယ်။
မဲရုံတွေကိုတော့ နူးကမ့်ကွင်းအပြင် ကတ်တလန်ဒေသက တခြားမြို့တွေဖြစ်တဲ့ ဂျီရိုနာ၊ တာရာဂိုနာ၊ လီဒါနဲ့ အန်ဒိုရာနိုင်ငံတို့မှာပါ ဖွင့်လှစ်ပေးခဲ့ပါတယ်။
မဲတွေအားလုံး မရေတွက်ရသေးခင်ကတည်းက ဂျိုအန်လာပေါ်တာဟာ အောင်ပွဲခံနေတာကို တွေ့ရသလို နူးကမ့်မှာ ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးနောက် အသင်းကစားသမားတွေနဲ့အတူ ပျော်ပျော်ပါးပါး ကခုန်နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ရှေ့နေတစ်ဦးလည်းဖြစ်တဲ့ သူဟာ ၂၀၂၁ ခုနှစ်တုန်းက စူပါစတား လီယွန်နယ်မက်ဆီကို အသင်းမှာ ဆက်ထိန်းထားမယ်လို့ ကတိပေးပြီး ရွေးကောက်ခံခဲ့ရသူပါ။ တကယ်တမ်းမှာတော့ မက်ဆီကို မထိန်းထားနိုင်ခဲ့ပေမဲ့ ဘဏ္ဍာရေးအကျပ်အတည်းတွေကြားက ဘာစီလိုနာအသင်းကို ဆက်လက်ရပ်တည်နိုင်အောင် ကြိုးစားပေးခဲ့ပါတယ်။
၂၀၂၂ ခုနှစ် နွေရာသီမှာ ရောဘတ် လီဝန်ဒေါစကီးနဲ့ ရာဖင်ညာတို့လို ကစားသမားတွေကို ခေါ်ယူဖို့အတွက် အသင်းရဲ့ အနာဂတ် ရုပ်သံမူပိုင်ခွင့်တွေနဲ့ အသင်းရဲ့ အစိတ်အပိုင်းတချို့ကို ရောင်းချပြီး ရန်ပုံငွေရှာဖွေခဲ့တာကြောင့် ဝေဖန်မှုတွေလည်း ရှိခဲ့ပါသေးတယ်။
ဘာစီလိုနာဟာ ၂၀၂၃ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ လာလီဂါချန်ပီယံဆုတွေကို ရရှိခဲ့ပြီး နည်းပြ ဟန်ဆီဖလစ်ရဲ့ ဦးဆောင်မှုအောက်မှာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တက်လှမ်းနိုင်ခဲ့ပါတယ်။
ဥရောပစူပါလိဂ်စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ်နဲ့ ပူးပေါင်းခဲ့တာကြောင့်လည်း ဂျိုအန်လာပေါ်တာဟာ ဝေဖန်မှုအချို့နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ဘာစီလိုနာဟာ ဒီနှစ်အစောပိုင်းမှာတော့ အဲ့ဒီစီမံကိန်းကနေ နောက်ဆုံးမှာ နှုတ်ထွက်ခဲ့ပါတယ်။
ဂျိုအန်လာပေါ်တာရဲ့ ပထမဆုံးဥက္ကဋ္ဌ သက်တမ်းမှာတော့ ဘရာဇီးလ်ကြယ်ပွင့် ရော်နယ်ဒင်ညိုကို ခေါ်ယူနိုင်ခဲ့တာ၊ အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား လီယွန်နယ်မက်ဆီ ပေါ်ထွက်လာတာနဲ့ ၂၀၀၆ ၊ ၂၀၀၉ ခုနှစ်တွေမှာ ချန်ပီယံလိဂ်ဖလားနှစ်လုံး ရယူနိုင်ခဲ့တာတွေကြောင့် ဘာစီလိုနာအတွက် ပျော်ရွှင်စရာကောင်းတဲ့ ကာလတွကိုဖန်တီးနိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။