အက်သလက်တီကိုမက်ဒရစ်မှ ဂျူလီယန်အယ်လ်ဗာရက်ဇ် ထွက်ခွာလာဖို့ ဖိအားမပေးခဲ့ပါဘူးလို့ ငြင်းချက်ထုတ်လိုက်တဲ့ ဒေကို
ဘာစီလိုနာအားကစားဒါရိုက်တာဒေကိုက နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဂျူလီယန်အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ မအောင်မြင်ခဲ့မှုနဲ့ပတ်သက်လို့ ပြတ်ပြတ်သားသား ရှင်းလင်းပြောကြားခဲ့ပါတယ်။
အယ်လ်ဗာရက်ဇ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း မက်ဒရစ်မြေမှထွက်ခွာကာ ဘာစီလိုနာဆီ ပြောင်းရွှေ့ချင်တဲ့ ဆန္ဒကို ထုတ်ဖော်ပြေကြားခဲ့လို့ အက်သလက်တီကိုမက်ဒရစ်အသင်းတာဝန်ရှိသူတွေကိုယ်တိုင် အံ့အားသင့်သွားခဲ့ပါတယ်။
ကလပ်အသင်းနှစ်ခုအကြား အခြေအတင်ဆွေးနွေးပြောဆိုမှုတွေ ရှိခဲ့ပြီးနောက် လက်ရှိလာလီဂါချန်ပီယံဘာစီလိုနာဆီ အယ်လ်ဗာရက်ဇ်ကို မရောင်းချတော့ဘူးဆိုတဲ့ ရပ်တည်ချက်ကို အက်သလက်တီကိုမက်ဒရစ်အသင်း ခိုင်ခိုင်မာမာကိုင်စွဲထားလို့ ကစားသမားကိုယ်တိုင်လည်း စပိန်နိုင်ငံမြို့တော်မှာပဲ ဆက်ရှိနေခဲ့ပါတယ်။
အာဂျင်တီးနားသားကိုခေါ်ယူနိုင်မယ့အခွင့်အရေး လုံး၀မရှိဘူးလို့ ဘာစီလိုနာဆီ အသိပေးပြီးနောက် အာဆင်နယ်ရဲ့ကမ်းလှမ်းမှုသတင်း ထွက်ပေါ်လာပေမဲ့ အယ်လ်ဗာရက်ဇ်က ပရီးမီးယားလိဂ်ဆီ ပြန်လည်ပြောင်းရွှေ့ဖို့ စိတ်မဝင်စားလို့ အပြောင်းအရွှေ့တော့ တရားဝင်မပေါ်ပေါက်လာခဲ့ပါဘူး။
ဘာစီလိုနာဘက်မှာတော့ အက်သလက်တီကိုမက်ဒရစ်ရဲ့စိတ်ကူးအယူအဆအပြောင်းအလဲအပေါ် ဆက်လက်မျှော်လင့်နေဆဲဖြစ်ပြီး အယ်လ်ဗာရက်ဇ်ကို အသင်းမှထွက်ခွာဖို့အတွက် တစုံတရာရဲ့ဖိအားပေးမှု ရှိခဲ့တယ်ဆိုတဲ့ ကောလာဟလတွေကိုလည်း ဒေကိုက ငြင်းဆိုခဲ့ပါတယ်။
"အက်သလက်တီကိုမက်ဒရစ်မှ ထွက်ခွာချင်တဲ့ဆန္ဒကို လူသိရှင်ကြားထုတ်ဖော်ပြောကြားဖို့ ဂျူလီယန်အယ်လ်ဗာရက်ဇ်ဆီ ဘာစီလိုနာအသင်း ဖိအားပေးခဲ့တာမျိုး လုံး၀မရှိပါဘူး။ ဒါက ကစာသမားရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်"
"ကျွန်တော်တို့က ဒီအပြောင်းအရွှေ့အတွက် ယူရို သန်း ၁၀၀ ကို သုံးရာသီအတွင်း အရစ်ကျပေးချေဖို့ ကမ်းလှမ်းခဲ့ပါတယ်။ တချို့ကလပ်တွေဆိုရင် ငါးကြိမ်အပြီး ခွဲပြီး ပေးချေကြတာမျိုး ရှိပါတယ်"
"ကျွန်တော်ကတော့ မာတီယူအယ်လီမန်နီ(အက်သလက်တီကိုမက်ဒရစ်အားကစားဒါရိုက်တာ)နဲ့လည်း ဘာပြဿနာမှမရှိပါဘူး။ သူ့အပေါ် မကောင်းကြံစည်တာမျိုးလည်း မလုပ်ခဲ့ပါဘူး" လို့ ဒေကိုက ပြောပါတယ်။