ဘာစီလိုနာနဲ့ပွဲမှာ အရန်အဖြစ်သာ ပါဝင်ခဲ့တဲ့ ဂေါ်ဒွန်ကို အလန်ရှီးယား ပြင်းပြင်းထန်ထန် ဝေဖန်
မနေ့ညက ဘာစီလိုနာအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်မှာ နယူးကာဆယ်ဂန္ထဝင် အလန်ရှီးယားက အန်သိုနီ ဂေါ်ဒွန်အပေါ် တော်တော်လေး ဒေါသထွက်နေခဲ့ပါတယ်။ ဂေါ်ဒွန်ဟာ မနက်ပိုင်းမှာ နယူးကာဆယ်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပေမဲ့ နေမကောင်းဖြစ်နေတာကြောင့် ပွဲစတင်ချိန်မှာတော့ အရန်စာရင်းမှာပဲ ပါဝင်ခဲ့တာပါ။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့အဖြစ် နယူးကာဆယ်နဲ့ ဘာစီလိုနာတို့ ၁ ဂိုးစီ သရေကျခဲ့တဲ့ အဲဒီပွဲစဉ်ရဲ့ ၆၇ မိနစ်မှာတော့ ဂေါ်ဒွန်ဟာ လူစားဝင်ကစားခဲ့ပါတယ်။
အလန်ရှီးယားက Amazon Prime မှာ အခုလိုပဲ ဒေါသတကြီး ပြောဆိုခဲ့ပါတယ် - "ကျွန်တော်က လူဟောင်းကြီးတစ်ယောက်မို့လို့လားတော့ မသိဘူး၊ ဒါပေမဲ့ မနက်ပိုင်းမှာ လေ့ကျင့်ခန်းဆင်းနိုင်တယ်ဆိုရင်၊ သူနေမကောင်းဘူးဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ ဒါက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်လှမ်းနိုင်ဖို့အတွက် နယူးကာဆယ်ကွင်းမှာ ဘာစီလိုနာနဲ့ ကစားရတဲ့ပွဲလေ။ ဒီညပွဲမျိုးကို မကစားဘဲနေဖို့ဆိုတာ ကျွန်တော့်အတွက်တော့ တကယ့်ကို ထူးခြားတဲ့ အကြောင်းပြချက်ကြီးတစ်ခုခု ရှိမှပဲ ဖြစ်ပါလိမ့်မယ်။ ပြီးတော့မှ 'ပွဲပြီးခါနီး နာရီဝက်လောက်ပဲ ကစားနိုင်မယ်' လို့ ပြောမယ့်အစား၊ ပွဲအစမှာ နာရီဝက်လောက် အရင်ဝင်ကစားပြီး အဆင်ပြေတယ်ဆိုရင် ပထမပိုင်းပြီးတဲ့အထိ ဆက်ကစားကြည့်ပါလား။ သူ့ရဲ့ အရှိန်အဟုန်နဲ့ ချန်ပီယံလိဂ်မှာ သူပြသနေတဲ့ ခြေစွမ်းတွေအရ သူ အဓိကလူစာရင်းမှာ မပါဝင်နိုင်တာဟာ အသင်းအတွက် အများကြီး နစ်နာစေမှာမို့လို့ ဒါဟာ ကျွန်တော့်ကို တကယ့်ကို အံ့ဩမိစေပါတယ်" လို့ ဆိုသွားပါတယ်။