နယူးကာဆယ်ရဲ့ ဖိအားပေးမှုကြောင့် ခံစစ်ပိတ်ကစားခဲ့ရတယ်လို့ ဘာစီလိုနာနောက်ခံလူ ကူဘာဆီ ဝန်ခံ
အင်္ဂါနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းရဲ့ ဖိအားပေးမှုတွေကြောင့် ခံစစ်ကိုပဲ အာရုံစိုက်ကစားခဲ့ရတယ်လို့ ဘာစီလိုနာနောက်ခံလူ ပါအူကူဘာဆီက ဝန်ခံပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ကစားခဲ့တဲ့ အဆိုပါပွဲမှာ ပွဲချိန် ၈၆ မိနစ်မှာ ဟာဗေးဘန်းစ်က နယူးကာဆယ်အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တာပါ။ ဒါပေမဲ့ ပွဲပြီးခါနီး ၉၆ မိနစ်မှာ ဒန်နီအိုလ်မိုကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို လာမင်းယမယ်လ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့လို့ ဘာစီလိုနာတို့ သရေတစ်မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ ကူဘာဆီက "ကျွန်တော်တို့ တိုက်စစ်ပိုင်းမှာ သိပ်ပြီးမကောင်းခဲ့တာ ဖြစ်နိုင်ပေမဲ့ ပွဲစဉ်တစ်လျှောက် ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကောင်းကောင်းကစားနိုင်ခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ တစ်ခါတလေကျရင် ရလဒ်ကောင်းတစ်ခုရဖို့အတွက် ခံစစ်ပိတ်ကစားတာ ဒါမှမဟုတ် ကွင်းလယ်မှာ လူစုပြီး ပိတ်ဆို့ကစားတာမျိုးတွေ လုပ်ရတတ်ပါတယ်" လို့ ပြောပါတယ်။
ဆက်လက်ပြီး ၎င်းက "အသေးအဖွဲအမှားလေးတစ်ခုကြောင့် ဂိုးပေးလိုက်ရတာပါ။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ပြိုင်ဘက်ကို အချိန်မရွေး ဒုက္ခပေးနိုင်တဲ့ တိုက်စစ်ကစားသမားကောင်းတွေ ရှိနေပြီး အခုလည်း အဲဒီအတိုင်း ဖြစ်လာခဲ့တာပါ။ ဒန်နီ (အိုလ်မို) လူစားဝင်လာပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြသွားသလို ပင်နယ်တီလည်း ရအောင်ယူပေးခဲ့လို့ သရေရလဒ် ထွက်ပေါ်ခဲ့တာပါ။ ဒါဟာ ကောင်းမွန်တဲ့ ရလဒ်တစ်ခုပါပဲ။ အိမ်ကွင်းပွဲစဉ်မှာတော့ ကျွန်တော်တို့ အစွမ်းကုန် အားထုတ်သွားရမှာပါ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။