ကျွန်တော်တို့ အသာစီးရခဲ့တယ်ဆိုတာ ဘာစီလိုနာလည်း သိမှာပါလို့ ပြောကြားလိုက်တဲ့ ဘန်းစ်
နယူးကာဆယ် တောင်ပံကစားသမား ဟာဗေးဘန်းစ်က အင်္ဂါနေ့ည ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာစီလိုနာအသင်းရဲ့ ချေပဂိုးကို ခွင့်ပြုလိုက်ရတာဟာ လက်ခံဖို့ တကယ်ကို ခက်ခဲခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
အင်္ဂါနေ့က ကစားခဲ့တဲ့ ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ ဘန်းစ်က ပွဲကစားချိန် ၈၆ မိနစ်မှာ နယူးကာဆယ်အတွက် ဦးဆောင်ဂိုး သွင်းပေးခဲ့တာပါ။ ဒါပေမဲ့ ပွဲပြီးခါနီး ၉၆ မိနစ်မှာ ဒါနီအိုလ်မိုကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို လာမင်းယာမလ်က အမှားအယွင်းမရှိ ကန်သွင်းပြီး ချေပဂိုး ရယူသွားခဲ့ပါတယ်။
ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ဘန်းစ်က ပွဲအပြီးမှာ "ဒါက တကယ်ကို ခက်ခဲပါတယ်" လို့ ပြောခဲ့ပါတယ်။
"ဂိုးသွင်းလိုက်တဲ့အချိန်မှာ ရတဲ့ခံစားချက်က တကယ့်ကို အံ့ဩဖို့ကောင်းပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း အပြည့်အဝ ခံစားရပါတယ်။ ကျွန်တော်တို့ တကယ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ကြတာပါ။ ပွဲကစားချိန် ၉၄ မိနစ်လောက်အထိ ကျွန်တော်တို့က အသာစီးရခဲ့တာပါ။ အခုလို ပွဲပြီးခါနီးမှ ဂိုးပေးလိုက်ရတာက တကယ်ကို လက်ခံရခက်ပေမဲ့ အခုတော့ ရလဒ်က သရေဖြစ်သွားပြီဖြစ်သလို နောက်ထပ် ဒုတိယအကျော့ ကစားဖို့လည်း ကျန်ပါသေးတယ်" လို့ ၎င်းက ဆိုပါတယ်။
"သေချာတာပေါ့။ ဒီညမှာ ကျွန်တော်တို့ ဘောလုံးကို ကောင်းကောင်း ထိန်းထားနိုင်ခဲ့သလို သူတို့ကိုလည်း ဂိုးသွင်းခွင့်တွေ အများကြီး မပေးခဲ့ပါဘူး။ နောက်ပွဲက ခက်ခဲမှာဖြစ်ပေမဲ့ ဒီနေ့ညမှာတော့ ကျွန်တော်တို့ ဘာတွေလုပ်နိုင်လဲဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ဖို့ တော်တော်လေး နီးစပ်ခဲ့တာပါ။ ရလဒ်က သရေဖြစ်နေဆဲမို့ (ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်မယ်လို့) ကျွန်တော်တို့ ယုံကြည်ထားပါတယ်" လို့ ဘန်းစ်က ဆက်လက်ပြောကြားခဲ့ပါတယ်။