မိုဒရစ်က အသက် ၅၀ အထိကစားနိုင်လိမ့်မယ်လို့ ဒယ်ပီယာရိုချီးကျူး
ဂျူဗင်တပ်စ်ဂန္ထဝင်ကစားသမား အလက်ဇန္ဒရို ဒယ်ပီယာရိုက လူကာမိုဒရစ်အနေနဲ့ အသက် ၅၀ အထိ ဆက်ပြီးကစားနိုင်စွမ်းရှိတယ်လို့ ပြောလိုက်ပါတယ်။ အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ မိုဒရစ်ဟာ တနင်္ဂနွေနေ့က အင်တာမီလန်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ မီလန်ဒါဘီပွဲစဉ်မှာ အေစီမီလန်အသင်းအတွက် အထူးခြေစွမ်းပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။
ပွဲအပြီးမှာ မိုဒရစ်က CBS Golazo အစီအစဉ်အတွက် ဒယ်ပီယာရိုနဲ့ စကားပြောခဲ့ရာမှာ အီတလီဂန္ထဝင်က "အီတလီအစားအစာတွေရဲ့ အရည်အသွေးနဲ့ဆိုရင် မင်း အသက် ၅၀ အထိတောင် ကစားလို့ရတယ်" လို့ နောက်ပြောင်ပြောဆိုခဲ့ပါတယ်။
မိုဒရစ်ကလည်း "ကျွန်တော်တို့ ခရိုအေးရှားလူမျိုးတွေက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတတ်တဲ့သူတွေပါ။ တိုက်ပွဲဝင်ရတာနဲ့ အခက်အခဲတွေကို အံတုရတာကို နှစ်သက်ကြတယ်" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ကွင်းလယ်လူက ဆက်လက်ပြီး "အဲဒီပွဲစဉ်တွေမှာ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့သလို လမ်းတဝက်မှာ အမှတ်တွေအများကြီးလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဒါဟာ ဘောလုံးလောကရဲ့ သဘာဝပါပဲ။ ကစားကွက်ဖော်ဖို့ နေရာလွတ် သိပ်မပေးတဲ့ အသင်းတွေနဲ့ ကစားရတဲ့အခါမှာ ကျွန်တော်တို့ ပိုပြီးတိုးတက်အောင် လုပ်ဖို့ လိုအပ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။