မက်ဆီပြန်လာမယ့်ကိစ္စကို လာပေါ်တာက တားဆီးခဲ့တယ်လို့ ဆိုလာတဲ့ ဇာဗီ
ဘာစီလိုနာအသင်းရဲ့ နည်းပြဟောင်း ဇာဗီက အသင်းဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာအပေါ် မမျှော်လင့်ထားတဲ့ ပြင်းထန်တဲ့ ဝေဖန်တိုက်ခိုက်မှုတွေ ပြုလုပ်လိုက်ပါတယ်။
ဇာဗီဟာ အစောပိုင်းက ရာထူးကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့ပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ဥက္ကဋ္ဌ လာပေါ်တာရဲ့ ထုတ်ပယ်ခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။
La Vanguardia နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဇာဗီက ဘာစီလိုနာနည်းပြအဖြစ် ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို ပြန်ပြောင်းပြောပြခဲ့ပြီး အဲ့ဒီအချိန်တုန်းက လီယွန်နယ်မက်ဆီကို အသင်းဆီ ပြန်လည်ခေါ်ယူမယ့် အစီအစဉ်ဟာ ဥက္ကဋ္ဌ လာပေါ်တာကြောင့် ပျက်ပြားခဲ့ရတာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ဇာဗီက "ဒီစီမံကိန်းကို ဆက်သွားနိုင်ဖို့အတွက် ကျွန်တော်တို့ အခြေခံကောင်းတစ်ခုကို ချပေးနိုင်ခဲ့ပါတယ်။ အခု အသင်းရဲ့ ကျောရိုးဖြစ်နေတဲ့ လာမင်း၊ ပတ်ဒရီ၊ ဘာလ်ဒီ၊ ကူဘာဆီ၊ ဖာမင် တို့ဆိုတာ ကျွန်တော်တို့ ယုံကြည်ခဲ့တဲ့သူတွေပါ။ ရရှိခဲ့တဲ့ ဆုဖလားနှစ်လုံးထက် ပိုပြီးတော့ ဒါဟာ ကျွန်တော် အဂုဏ်ယူရဆုံး အမွေအနှစ်တစ်ခုလည်း ဖြစ်ပါတယ်" လို့ စတင်ပြောကြားခဲ့ပါတယ်။
"အသင်းရဲ့ ဝတ်လဲခန်းထဲမှာ ကျွန်တော်တို့ဟာ မိသားစုတစ်ခုလိုပါပဲ၊ ကစားသမားတွေအပေါ်မှာလည်း ကျွန်တော် အမြဲတမ်း ပွင့်လင်းရိုးသားခဲ့ပါတယ်။ အခုဆိုရင် ဖာမင်တို့၊ လာမင်းတို့ကို ကြည့်ကြည့်ပါ၊ ကျွန်တော့်အတွက်တော့ လာမင်းက ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေပါပြီ။ ရာဖင်ညာဆိုရင်လည်း အသင်းအတွက် ပိုပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ လုပ်နိုင်အောင် ကျွန်တော်တို့ နေရာပြောင်းလဲ ကစားစေခဲ့တာပါ" လို့ ၎င်းက ဆက်ပြောပါတယ်။
ဒါ့အပြင် ဇာဗီက "ကျွန်တော်တို့ဘက်က မှားယွင်းခဲ့တာတွေလည်း ရှိတာပေါ့၊ ဒါတွေအတွက် ကျွန်တော်ကိုယ်တိုင်ရော၊ အသင်းအဖွဲ့တွေနဲ့ပါ အစည်းအဝေးလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အမြဲ ဝေဖန်သုံးသပ်ခဲ့ပါတယ်။ အကျဉ်းချုပ်ပြောရရင်တော့ အချိန်ကြာလာတာနဲ့အမျှ အသင်းအပေါ် ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ လျော့နည်းလာခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတုန်းက အသင်းဟာ တောက်လျှောက် တိုးတက်နေခဲ့တာပါ။ ဒါပေမဲ့ သူတို့ (အသင်းတာဝန်ရှိသူတွေ) ဘက်ကနေ ဆုံးဖြတ်ချက်တွေ စတင်ချမှတ်လာတဲ့အခါမှာတော့ ဒါဟာ တိုက်ဆိုင်မှုမဟုတ်ဘဲ အသင်းရဲ့ခြေစွမ်းက ကျဆင်းလာခဲ့တာပါ" လို့လည်း ပြောကြားခဲ့ပါတယ်။